" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, September 22, 2011

စာဖတ်ကြရာဝယ်

ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည့်သာတည်း။

နားမှာမဝင်၊ မသိမြင်က၊ သမင်ကျွဲနွား၊ တောင်သူလားသို့၊ မပွားပညာ၊ မလိမ္မာဘဲ၊ မိစ္ဆာစိတ်ရိုင်း၊ ထူထိုင်းမှိုင်းသည်၊ ရိုင်းစိုင်းတောင်သူ၊ မိလက္ခူနှင့်၊ တူလိမ့်မည်။ (ရှင်မဟာရဌသာရ)။

မြန်မာပြက္ခဒိန်အလို ယနေ့(၁၃၇၃၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်) သည် စာရေးသူ၏ အသက်၃၈ နှစ်ပြည့်လေပြီ။ အင်္ဂလိပ်ပြက္ခဒိန်လိုဆိုရင် မနေ့က(၂၁-၀၉-၂၀၁၁) ပင် အသက် ၃၈ နှစ် တင်းတင်း ပြည့်ခဲ့လေသည်။ မွေးနေ့ကုသိုလ်အဖြစ် နာလန္ဒာတက္ကသိုလ်မှ သီတင်းသုံးဖော် ၁၇ ပါးခန့်တို့အား နေ့ဆွမ်းဆက်ကပ်ဖြစ်ခဲ့သည်။ ကြက်သားဟင်း ငါးပိချက်နှင့် မျှစ်နှင့်ချဉ်ပေါင်ရွက်ရောသည့် ချဉ်ရည်ဟင်းတို့နှင့် ဆက်ကပ်ဖြစ်ခဲ့သည်။ ပထမအစီစဉ်ကတော့ ငါးကြော်ချက်ဖြင့် ဆက်ကပ်ရန် စိတ်ကူးထားသော်လည်း တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ပုံမှန်တက္ကသိုလ်ဂိတ်ပေါက် နံနက်တိုင်း လာရောင်းသည့် ငါးသည်မလာသောကြောင့်ပင် ကြက်သားဟင်းနှင့် အစားထိုးစီစဉ်လိုက်ပေသည်။

စီစဉ်ချက်ပြုတ်သူမှာတော့ စာရေးသူ၏ တပည့်ဦးဇင်းလေး အရှင်ဇနက(ထားဝယ်)ပင်ဖြစ်ပါသည်။ စာရေးသူ နာလန္ဒာသံဃာတော်များ သို့မဟုတ် နာလန္ဒာသို့ ဘုရားဖူး မိမိနှင့်စပ်လျဉ်း၍ ရောက်လာသည့် ဧည့်သည်အာဂန္တုများအား ဆွမ်းကပ်ချင်တိုင်း အရှင်ဇနက အရှင်အာနန္ဒာတို့ကိုပင် အားကိုးရပါသည်။ ထိုဦးဇင်းလေးများသည် ဆွမ်းကပ်သည့်အခါတိုင်း မမောနိုင် မပန်းနိုင် ဝိုင်းဝန်းချက်ပြုတ်ပေးကြပါသည်။ ထိုနေ့က နေ့ရော ည ပါ မိုးအဆက်မပြတ်ရွာသွန်းနေသောကြောင့် စာရေးသူအနီးအပါးရှိ စာအုပ်စာတမ်းများကို ဖတ်ရှု့နေဖြစ်သည်။

မိမိအနီးနားမှာတော့ အထူးသဖြင့် ဘာသာရေးဆိုင်ရာ အင်္ဂလိပ်စာအုပ်များ၊ ဘာသာရေးဆိုင်ရာ မြန်မာစာအုပ်များ လောကီစာအုပ်အနည်းငယ်နှင့် ပိဋကစာအုပ်များ ရှိပေသည်။ ထိုစာအုပ်များကို ဖတ်ရှု့နေရပါသည်။ တစ်ခါတရံတော့ အင်တာနက်မှ စာပေများနှင့် မိမိ၏ အတိုအထွာမှတ်စု ဒိုင်ယာယီစာအုပ်ကလေးကိုလည်း ရိုးအီသည်မရှိ၊ အထပ်ထပ်ဖတ်ဖြစ်သည်။ စာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့်အတိုင်း ထိုစာလေးများဖြင့် အဖော်သဟဲပြုနေရပါသည်။ စာပေဖတ်ရှု့ခြင်းကြောင့် စာပေဖတ်ဖန်များပါက အင်မတန် စိတ်ရိုင်းဝင်နေသည့် သားမယားပင် လိမ္မာရေးခြား စိတ်ကောင်းထားလာတတ်ပါသည်။ စာပေမဖတ်ပါက အသိပညာ မတိုးပွားရုံသာမက စိတ်ရိုင်းတွေဝင်ကာ မိလက္ခလူရိုင်းတွေနှင့် ဘာမျှခြားနားမည် မဟုတ်ပါ။ ထို့ကြောင့်ပင် အင်းဝစာဆိုအကျော် ရှင်မဟာရဌသာရ က အထက်ပါ လင်္ကာလေးဖြင့် စာဖတ်ကြဖို့ တိုက်တွန်းခဲ့ပေသည်။

မှန်ပါသည်။ စာပေဆိုသည်မှာ မဖတ်သင့်သော စာပေဟူ၍ မရှိ၊ မမှတ်သင့်သော စာပေဟူ၍သာ ရှိသည်ဟု ပညာရှိတို့ဆိုထားကြပါသည်။ စာဖတ်ပြီးသောအခါ ထိုစာအုပ်စာပေထဲမှ မိမိတို့ အသိဥာဏ် အတွေးအခေါ် ဗဟုသုတ ဖြစ်စေမည့် သင်ခန်းစာများကို ရယူနိုင်ဖို့ပင်လိုအပ်ပါသည်။ သိုမှီးသိမ်းထားသင့်သည့် စာအုပ်စာပေများကို စနစ်တကျ ထိမ်းသိမ်း၍ ပစ်ပယ်သင့်သည့် စာအုပ်စာပေများကို အသိဥာဏ်နှင့်ယှဉ်ကာ ပစ်ပယ်ကြရမည်ဖြစ်ပါသည်။ ဤနေရာ၌ ဗေကွန်၏ စာအုပ်စာပေဆိုင်ရာ စာရေးစာဖတ်ခြင်းဆိုင်ရာ အတွေးအမြင်လေးများကို တင်ပြချင်ပါသေးသည်။ အင်မတန်ပင်မှတ်သားစရာကောင်းလှပါသည်။

Reading makes a full man; conference a ready man and writing an exact man(Bacon)။ ဆိုလိုသည်မှာ စာပေကို ဖတ်ရှု့လေ့လာခြင်းက ပြည့်ဝရင့်ကျက်သည့် လူတစ်ယောက်ဖြစ်လာသည်။ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်းက (အရာရာကို ရင်ဆိုင်ဖို့) အဆင်သင့်ဖြစ်သည့် လူတစ်ယောက်ဖြစ်လာစေသည်။ စာပေရေးသားပြုစုခြင်းကတော့ တိကျသည့်လူတစ်ယောက် ဖြစ်လာစေသည်ဟု ဗေကွန်က ဆိုထားပါသည်။ နောက်ဆက်လက်ပြီး စာအုပ်တွေကို ဘယ်ပုံဘယ်နည်း ဖတ်သင့်ပုံကို ဆက်လက် အကြံပြုထားပါသည်။ Some books are to be tasted, others to be swallowed and some few to be chewed and digested; that is some books are to be read only in parts; others to be read but curiously; and some few to be read wholly, and with diligence. အချို့စာအုပ်တွေကတော့မြည်းစမ်းကြည့်ဖို့ရန်သာဖြစ်သည်။ တချို့စာအုပ်တွေကတော့ မျိုချရမည်။ အချို့စာအုပ်အနည်းငယ်ကိုတော့ ကျေညက်အောင် ဝါးစားပြီး အစာချေပစ်ရမည်။ တချို့စာအုပ်တွေကိုတော့ အပေါ်ယံကြော တစ်စိတ်တစ်ပိုင်းသာ ဖတ်ရမည်။ တချို့စာအုပ်တွေကို ဖတ်တော့ဖတ်၊ သို့သော်လည်း စိတ်ဝင်တစားပြင်းပြသည့် ဆန္ဒနှင့် မဖတ်ရ၊ တချို့စာအုပ်ကောင်း အနည်းကိုတော့ အပြည့်အဝ အစအဆုံး ဖတ်ရမည်။ လုံးလဝီရိယ ရှိရှိနှင့် အာရုံစူးစိုက်ပြီး ဖတ်ရမည်ဟု ဗေကွန်က ဆိုထားပါသည်။

မည်သည့်စာအုပ်မျိုးကို ပြစ်ပယ်သင့်သည်၊ မည့်သည့်စာအုပ်မျိုးကို ဖတ်သင့်သည် မှတ်သင့်သည် ဆောင်ထားသင့်သည်ကိုတော့ မိမိကိုယ်တိုင်စာဖတ်ဖတ်ပြီး အသိဥာဏ်ဖြင့်ဆုံးဖြတ်သင့်သည်။ အထူးသဖြင့် ဘုန်းတော်ကြီးကျောင်းစာ(လောကုတ္တရာစာပေ) များနှင့် ကင်းဝေးနေကြသော ကလေးသူငယ်များအတွက် အသိဥာဏ်နှင့် စာရိတ္တကို မြှင့်တင်ပေးနိုင်သည့် ရတနာသုံးပါးနှင့် မိဘဆရာသမား လူကြီးသူမများကို ရိုသေလေးစားထိုက်ကြောင်း၊ အနန္တောအနန္တ ငါးပါးတို့၏ ဆိုဆုံးမများကို မှတ်သားနာခံသင့်ကြောင်း၊ လူမိုက်ကို ရှောင် ပညာရှိကို ပေါင်းသင့်ကြောင်း၊ သည်းခံစိတ်ထားပြီး မေတ္တာ ကရုဏာ မုဒိတာ ဗြဟ္မစိုရ်တရားများ တစ်ဦးအပေါ်တစ်ဦး ထားသင့်ကြောင့်၊ မိမိဘဝကို ပျက်စီးစေတတ်သည့် သေရည်အရက် မူးယစ်ဆေးဝါး သုံးစွဲမှုကို ရှောင်ကြည်သင့်ကြောင်း၊ တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုသည့်အတိုင်း သူတစ်ပါးကျေးဇူးကို တတ်သိနားလည်သင့်ကြောင်း၊ စသည်ဖြင့် ၃၈ ဖြာ မင်္ဂလာနှင့် စပ်သော လောကုတ္တရာ ယဉ်ကျေးလိမ္မာစာပေများ၊ ဗုဒ္ဓဝင် ဇာတ်နိပါတ်များ ဖတ်ရှု့သင့်ပေသည်။ ထိုစာပေများကို ဖတ်ရှု့ခြင်းဖြင့် ကလေးသူငယ်များသာမက လူကြီးများလည်း အသိဥာဏ်တိုးလာကာ လိုက်နာကျင့်သုံးပါက ပိုမိုအကျိုးများလာနိုင်ပါသည်။

စာအုပ်စာပေတွေထဲမှ သင်ခန်းစာ ယူတတ်လျှင် ယူတတ်သလို အကျိုးများလာနိုင်ပါသည်။ အထူးသဖြင့် လောကီပညာ လောကီစာပေတို့ကို ဖတ်ရှု့လေ့လာခြင်းဖြင့် လောကလူသားများ ကြုံတွေ့နေရသည့် လောကီနှင့်သက်ဆိုင်သည့် ကျယ်ပြန့်လှသည့် လူမှုပြဿနာ အဝဝကို ဖြေရှင်းပေးနိုင်စွမ်းရှိပါသည်။ သို့သော် ထိုလောကီအတတ်ပညာ စာပေများသည် တကယ့်စစ်မှန်သည့် သန္တိသုခကိုတော့ ဆောင်ကျဉ်းပေးနိုင်ဖို့ အင်မတန်ခက်လှပါသည်။ ထိုလောကီပညာ စာပေများ ပြီးပြည့်စေနိုင်ရန် ထိုလောကီစာပေများ အတတ်ပညာများကို ဘာသာရေးတန်ဘိုးထားမှုများဖြင့် ဖြည့်စွက်ပေးသင့်သည်။ ဘာသာရေးတန်ဘိုးထားတတ်မှုမပါလျှင် လောကီနည်းပညာ စာပေ အရပ်ရပ်ထွန်းကာလာသည့်နှင့်အမျှ လူသားတို့သည် ဘဝအဆင်းလမ်းနှင့် ပျက်စီးခြင်းသို့သာ ဦးတည်ရောက်ရှိသွားနိုင်သည်။ တနည်းဆိုရလျှင် လောကီစာပေ လောကီပညာရပ်များကို ကိုယ်ကျင့်တရား စည်းမျဉ်းစည်းကမ်းများနှင့် ဇက်ကြိုးတတ်ပြီး ထိန်းလျှင် ယင်းလောကီစာပေ ပညာရပ်များသည် လူ့ဘဝကို ကောင်းကျိုးချမ်းသာတွေ အပြည့်အဝပေးစွမ်းနိုင်မည်ဟု ယုံကြည်မိပါသည်။

အချုပ်ဆိုရသော် မှတ်ဖွယ်ရာရာ ထိုထိုစာကို ရှာ၍မပြတ် အိမ်တွင်ဖတ် ဆိုသည့်အတိုင်း ဖတ်သင့်ဖတ်ထိုက်သော စာပေများကို ရှာဖွေဖတ်ရှု့သင့်သည်။ ထပ်ကာမနား ပြောပါများက နားကြားအရုံ စွဲမက်ကုန်၏ ဟူသကဲ့သို့ စာပေစကား နေ့တိုင်းကြားနာရပါက လိမ္မာရေးခြား ဗဟုသုတတိုးပွားလာမည်။ စိတ်ဓာတ်မာကျောခက်ထန်သူများလည်း စိတ်ဓာတ်နုညံ့သိမ်မွေ့လာနိုင်သည်။ အလိမ္မာစာမှာ ရှိသည် ဆိုသည့်အတိုင်း စာပေကျေးဇူးကို တန်ဘိုးထားလာတတ်မည်။ စာဖတ်သူအားလုံး အမှောင်ခွင်း အလင်းဆောင်စေနိုင်သည့် စာပေများကို ဖတ်ရှု့လေ့လာမှတ်သားနိုင်ကြပါစေသတည်း။ အကာကိုပြစ် အနှစ်ကိုရှာပြီး ဖတ်တတ်ကြပါစေကုန်သတည်း။ ပညာပြည့်ဝ လှလုံးလှစေသည့် ဗဟုသုတအဖြာဖြာ တိုးစေနိုင်သည့် စာပေများကို ဖတ်ရှု့နိုင်ကြပါစေ။

ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိင်စွာ၏။(မဃဒေဝလင်္ကာ)။


မေ့သားလှ-ဇလဂ္ဂ

၁၃၇၃ ခု တော်သလင်းလပြည့်ကျော်၁၀ ရက်။

၂၂-၀၉-၂၀၁၁

No comments:

Post a Comment