" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, September 8, 2011

ဧရာဝတီ(ယီးလေလေ့ယီး)


ဟောဒီ
ဧရာဝတီရဲ့ပခုံးပေါ်မှာ ထမ်းပိုးထား
စစ်ကိုင်း (အင်းဝ) တံတား။

မြန်မာ့ဖြစ်အင်
သမိုင်းစဉ်ကို
စစ်ကိုင်းတံတားလည်း မြင်ခဲ့တယ်
ဧရာဝတီလည်း မြင်ခဲ့တယ်။

လက်ပံပွင့်တွေ နီရဲနေပေမယ့်
လက်ပံပင်တွေ ပတ်လည်ဝန်းနေတဲ့
သပြေတန်းခံတပ်မှာ
မျက်နှာ ဓားနဲ့ လှီးပစ်ချင်စရာ
မြန်မာတို့ လက်နက်ချခန်း
ဝမ်းနည်းစိတ် လှိုင်းရိပ်တွေနဲ့
ဧရာဝတီ ရင်နာခဲ့ရဖူးတယ်။

ဂေါဝိန်ဆိပ်ကမ်းကနေ
မျက်နှာတော် ညှိုနွမ်း မလန်းရွက်ကြာ
တဦးလက် တဦးဆုပ်ကိုင်အားပေးနေတဲ့
သီပေါနဲ့ စုဖုရား
နယ်ချဲ့စစ်သားများအကြားက
ကုန်းဘောင်မှနေ “သူရိယ” ပေါ် အတက်
ဧရာဝတီ မျက်နှာပျက်သွားခဲ့ဖူးတယ်။

ဂျပန်ခေတ်
ဗမာ့သွေးစစ်တဲ့ စစ်ကိုင်း ကိုသိန်းတန်
ဂျပန်က ခေါင်းဖြတ်သတ်
ခေါင်းသာပြတ်ပေမယ့်
မြင့်မြတ်ကြက်သရေ ရွှန်းတင့်နေတဲသူ
သူ့သွေးတွေကို ထိနမ်းပွေ့ပိုက်လျက်
ဒီလို သူရဲကောင်းမျိုး
မွေးဖွားနိုင်တဲ့ ဗမာပြည်အတွက်
ဧရာဝတီ ဂုဏ်ယူခဲ့ဖူးတယ်။

စစ်ကိုင်းတံတားကနေ
အင်္ဂလိပ်တွေ ဆုတ်ခွာခန်း
ဝမ်းနည်းသနားစရာ
အိန္ဒိယက သူတို့ခေါ်လာတဲ့
ကူလီနဲ့ ဆင်းရဲသားတွေရဲ့
ထောင်ချီပြီး သေဆုံးခဲ့ရတဲ့
ဒုက္ခနဲ့ အလွမ်း
အရှုံးရဲ့ သင်ခန်းစာကိုလည်း
ဧရာဝတီ ဆင်ခြင်ခဲ့တယ်။

ငှက်လှေကလေး စီးလာပြီး
တေးသွားကလေး ဆိုညည်းခဲ့တဲ့
မြို့မငြိမ်းရဲ့ မျက်နှာလည်း
ဧရာဝတီ မြင်ခဲဖူးတယ်။

တောင်လေးလုံးခရီးတထောက်
ဧရာကမ်း ရောက်လာတတ်တဲ့
ဒေါ်အမာရဲ့ နှုတ်ဆက်စကား
ဧရာဝတီ ကြားခဲ့ဖူးတယ်။

လယ်သမားတွေကို လိမ်ညာဖို့
ဧရာဝတီကို ဖြတ်ပြီး
ကားကောင်းတွေ တဝှီးဝှီးစီး
နှီးနှောဖလှယ်ပွဲ သွားတဲ့
စစ်အာဏာ ဇာတ်ဝင်ခန်းများ
ဗိုလ်ချုပ်ကြီးတွေ ရယ်သံတဟားဟား
ဧရာဝတီ ကြားခဲ့ဖူးတယ်။

ခုတော့ ရင်နာစရာပါ
စစ်အာဏာရှင်စနစ်ဟာ
ဗမာပြည်မှာ
ကြာလွန်းမက ကြာခဲ့ပြီ။

ခုတော ရင်နာစရာပါ
ဧရာကမ်းက
ပြည်သူ့ဘဝ
ဒုက္ခတွေ ဧရာရေလောက်မက
ဒုက္ခတွေ ပင်လယ်ဝေခဲ့တာ
ကြာတောင့်မက ကြာခဲ့ပြီ။

ခုတော့ လွမ်းစရာပါ
ရွှေထီးရွှေနန်း ရွှေကြငှန်းဆိုတာလည်း အတိတ်ပန်းချီဆေး
ဘေးမသန်းဘဲ အေးချမ်းတဲ့ ဒီမိုကရေစီခေတ်ကလည်း အရိပ်မသီသေး
စစ်အာဏာရှင်စနစ် ခေတ်ဆွေးခေတ်အိုကြီးထဲမှာ
မြန်မာ့ဂုဏ်သိက္ခာဟာ ရေစုန်မျောလို့။

ခုတော့ ရမ်းရော်မိသည် ဧရာဝတီ
တောင်ပင်လယ်ဆီမှာလည်း လှိုင်းတွေ ထန်လို့။
ကြေကွဲမိပြီ ဧရာဝတီ
မေခ မလိခ မြစ်ဆုံဆီမှာလည်း စစ်မိုးတွေ ညို့လို့။

နွေကာလ သောင်ထွန်းပြီး
မိုးအခါ ရေကြီးတဲ့ သင့်ရင်ခွင်မှာ
ရှိုက်ကြီးတငင် ငိုရှိုက်နေတဲ့ ဂေါဝိန်ဟာ
နာကြည်း ကျိန်စာတိုက်နေတဲ့ ပုဂံဟာ
တရာသီစာ အလွမ်းဘွဲ့ မဟုတ်ပါ။

ဒါပေမဲ့ ဧရာ
ဝမ်းနည်းစရာ
သင့်ကိုယ်မှာ သင့်ဦးခေါင်းမှာ
ဒဏ်ရာအနာတရ၊ သင်ကိုယ်တိုင်ရ
စစ်ဒဏ်ခလျက်။

ဒို့ချစ်တာ တိုက်ပွဲဝင် ဧရာဝတီပါ
ဧရာဝတီချစ်တာ တိုက်ပွဲဝင် ပြည်သူပါ
သင့်ကိုယ်မှာ သေလောက်တဲ ဒဏ်ရာတွေနဲ့
ဒို့ကိုယ်မှာ သေလောက်တဲ့ ဒဏ်ရာတွေနဲ့
ဒဏ်ရာတွေ အခြေဆိုးပေမယ့်
ဇာနည်တွေ မသေမျိုးပေမို့
မိုးမြေကို မှောက်လှန်
ဗြောင်းဆန်အောင် ပြောင်းလှန်ပြီး
အမှောင်လွှာကို ဖြိုခွဲဖျက်ဆီး
အခေါဘဏီ အင်အားစုစည်း
လှိုင်းမာန်တွေ တောင်လောက်ကြီးနဲ့
ဧရာဝတီ … စီးလေလေ့စီး သည်ခရီး
ယီးလေလေ့ယီး။ ။

မောင်လှဝင်း (မြင်းခြံ)

From forward mail

No comments:

Post a Comment