" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Friday, August 26, 2011

အတုယူစရာလေးတွေ

ဂျပန်ုငလျင်တွင် ဂျပန်နိုင်ငံသားများက အပျက်အစီးများကြားမှ ကောက်တွေ့ရသည့်ငွေပေါင်း ဒေါ်လာ ၇၈ သန်းအား ပြန်လည်အပ်နှံခဲ့ ကြ....

ဆူနာမီငလျင်ဒဏ်ကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကာတိုင်းပြည်ရဲ့အခြေယိုင်မတတ် ဖြစ်ခဲ့ရသည့် ဂျပန်နိုင်ငံသားများဟာဆင်းရဲဒုက္ခကြီးစွာရောက်ခဲ့ ရပြီး သည့် နောက်ပိုင်းတွင်ပင်မယုံကြည်နိုင်လောက်စရာ ကိုယ်ကျင့်စာရိတ္တကောင်းမွန်ရိုးသားမှုများပြသနိုင်ခဲ့ ကြပါတယ်....ငလျင်ဒါဏ်ကြောင့်ပြိုကျပျက်စီးခဲ့ ရ သည့်အပျက်အစီးများထဲမှ ကောက်ယူတွေ့ရှိခဲ့ရသည့် ပိုင်ရှင်မဲ့ငွေသားပေါင်း ဒေါ်လာ ၇၈သန်းနှင့်ညီမျှသည့်  ဂျပန်ယန်းငွေများအားဂျပန်နိုင်ငံသားများကပြန်လည်အပ်နှံခဲ့တယ်လို့ယမန်နေ့အထိရရှိသည့်သတင်းအချက်အလက်ကိန်း ဂဏန်းမျာအရသိရှိရပါတယ်.... ကြီးမားပြင်းထန်လှသည့်သဘာဝဘေး အန္တရာယ်ကြီးကျရောက်ခဲ့ပြီးနောက် ငါးလအတွင်း ဂျပန်နိုင်ငံသူ၊နိုင်ငံသားများအနေနှင့် အပျက်အစီးများကြားထဲမှ ပိုက်ဆံအိတ်ပေါင်းထောင်နှင့်ချီကာ(တာဝန်ရှိသူများထံ)ပြန်လည်အပ်နှံခဲ့ ကြရာ၊ ငွေသားချည်းပင်ဒေါ်လာသန်း ၃၀ နီးပါး
ရှိခဲ့ပါတယ်...။

ရေစီးကြောင်းနှင့်အတူမျောပါကာပင်လယ်ကမ်းခြေတစ်လျှောက် ပြန့်ကျဲနေခဲ့သည့်  မီးခံသေတ္တာ၊ ငွေသေတ္တာပေါင်း ၅၇၀၀ကျော်ကိုလည်း စေတနာ့ဝန်ထမ်းလုပ်အားပေးများ နှင့်ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရဲတပ်ဖွဲ့စခန်းများသို့ ယူဆောင်အပ်နှံ ခဲ့ကြပါသေးတယ်....ထိုမီးခံသေတ္တာများအတွင်းမှရသောငွေပမာဏမှာဒေါ်လာသန်း ၃၀ နီးပါးခန့် ရှိပြီး၊ မီးခံသေတ္တာတစ်လုံးအတွင်းမှပင် ဒေါ်လာ ၁သိန်းနှင့်ညီမျှသည့် ငွေသားပမာဏကိုတွေ့ ရှိခဲ့ကြရပါတယ်...မီးခံသေတ္တာများ အတွင်းမှ ရရှိသည့် တစ်ခြားပစ္စည်းများတွင်ရွှေချောင်းများ၊ အဖိုးတန်ရှေးဟောင်း ပစ္စည်းများနှင့်အခြားတန်ဖိုးကြီးမားသည့် ပစ္စည်းများပါဝင်ပါတယ်။

ဆူနာမီငလျင်ဒါဏ်အား အပြင်းထန်ဆုံးခံခဲ့ ကြရသည့်ဒေသများမှပြည်သူများရဲ့ဆုံးရှုံးခဲ့ ရသည့် ငွေများအားလုံး နီးပါးအားပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ခဲ့ ပြီးဖြစ်သည်ဟုဂျပန်နိုင်ငံ၊ ပြည်သူ့ ရဲတပ်ဖွဲ့ မှ ဆိုပါတယ်။
ပိုင်ရှင်အများစုကမီးခံသေတ္တာများထဲတွင် ၎င်းတို့ အမည်နှင့် လိပ်စာများပါရှိသည့်ဘဏ်စာအုပ်များ၊ အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်မှုစာရွက်စာတမ်းများအားထည့်သွင်းသိမ်းဆည်းထားခဲ့ကြပါတယ်။တစ်ကြိမ်တွင် ရဲစခန်းသို့လာရောက် အပ်နှံကြသည့် မီးခံသေတ္တာများ အလွန်များပြားလွန်းလှသည့် အတွက်၎င်းတို့အားသိမ်းဆည်းထားရန် နေရာအခက်အခဲပင် ဖြစ်ပေါ်ခဲ့ရပါတယ်။

ယခုအချိန်အထိ ကောက်တွေ့ရသည့် မီးခံသေတ္တာများအပါတ်စဉ်လာရောက်အပ်နှံလျှက်ရှိနေဆဲဖြစ်သည်ဟု မီယာဂီနယ်ရဲတပ်ဖွဲ့မှကိုအိစုဆိုင်ကီ ကဆိုပါတယ်...အထူးသဖြင့် ၎င်းတို့ရဲ့အရောင်းအ၀ယ်လုပ်ငန်းများအား ငွေသားဖြင့် ပေးချေခြင်းကိုပိုမိုနှစ်သက်လုပ်ကိုင်လေ့ ရှိသည့်ငါးဖမ်းကုမ္ပဏီများတည်ရှိသည့့် ပင်လယ်ကမ်းခြေဒေသများရှိ နေအိမ်များ၊ရုံးများတွင် ငွေစက္ကူများ အားအမြောက်အများ သိမ်းဆည်းထားခြင်းဟာအထူးအဆန်းတော့မဟုတ်ပါ ဘူး...ဧပြီလအစောပိုင်းမှ ဂျူလိုင်လကုန်ပိုင်းအထိ အိုဖူနာတိုရဲစခန်းအနေနှင့် လက်ခံရရှိခဲ့ သည့် မီးခံသေတ္တာများအား ဖွင့်ဖောက်စစ်ဆေးနိုင်ရန် မီးခံသေတ္တာကျွမ်းကျင်သူ သုံးဦးအားငှားရမ်းခေါ်ယူခဲ့ရပါတယ်။

" မီးခံသေတ္တာအများစုရဲ့ သော့ပေါက်တွေဟာ ရွံ့တွေနဲ့ပိတ်နေပါတယ်။ကျွန်တော်တို့ဟာ မီးခံသေတ္တာ တံခါးပေါက်တွေကို ဖြတ်စက်စသည့်ပစ္စည်းကိရိယာတွေသုံးပြီးဖွင့် ကြရပါတယ်။ မီးခံသေတ္တာတွေဟာရေနဲ့မျောလာတာမို့ အဆိုပါ မီးခံသေတ္တာထားရှိသည့် အိမ်များလည်း ရေနဲ့ အတူ မျောပါသွားပြီလို့ ဆိုနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ဟာပထမဦးဆုံး အနေနှင့် ပိုင်ရှင်ဖြစ်သူအသက်ရှင်လျှက်ရှိဆဲဆိုတာအတည်ပြုဆုံးဖြတ်ရပါတယ်။ အဲဒီနောက်တော့ ထိုသူမည်သည့်နေရာသို့ရွေ့ပြောင်းခိုလှုံလျှက်ရှိတာကို စုံစမ်းရှာဖွေရပါတယ်."လို့ မစ္စတာဆိုင်ကီကဆိုပါတယ်။

"ငလျင်ကြောင့်ဒီလိုပျက်စီးမှုတွေဖြစ်ပြီးနောက်မှာမီးခံသေတ္တာ တစ်ချို့တော့ ပြန်မအပ်ပဲခိုးယူခံရတာရှိမှာပါ... ဒါပေမယ့်ဂျပန်နိုင်ငံသုံးငွေအားဖြင့် တန်ဖိုး ၂.၃ ဘီလီယံရှိ ယန်းငွေများအားပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်နိုင်တာကိုက ဂျပန်လူမျိုး၊ဂျပန်ုနိင်ငံသားများတွင် ကိုယ်ကျင့်သိက္ခာ(ရိုးသားမှု)အဆင့်အတန်းမြင့်မားမှူ့ကို ဖော်ပြနေခဲ့တာဖြစ်ပါတယ်..." လို့ယိုကိုဟားမားမြို့တက္ကသိုလ်မှ ပါမောက္ခ ရူဂျီ ကပြောကြားခဲ့ပါတယ်။

လက်ထဲတစ်ပြားမှမကျန်အောင် ဆုံးရှုံးပေမယ့်ထမင်းငတ်အောင်၊နားခိုစရာမဲ့ ဖြစ်အောင် ဘယ်တော့မှ မလုပ်မယ့်အစိုးရကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားတဲ့ ဂျပန်နိုင်ငံသားတို့ကားကံကောင်းလေစွ...အလကားထောက်ပံ့တာ မဟုတ်တာတောင်မှ စားဖို့ ၊နေဖို့ ရအောင်အလုပ်အကိုင် (လောလောလတ်လတ်ပြန် လည်ရှင်းလင်းရေး၊ တည်ဆောက်ရေး စသည့်လုပ်ငန်းများလုပ်ကိုင်နိုင်ပြီးဝင်ငွေ၊စားစရာ၊ နေစရာရအောင်)ဖန်တီးပေးနိုင်တာကိုက အစိုးရကောင်းတစ်ရပ်ရဲ့ အရည်အချင်းပါပဲ...ဒီလိုအခြေအနေမျိုးမို့လည်း ငါးပါးသီလဆိုတာတောင်အပြည့်အစုံနားမလည်တဲ့ ဂျပန်နိုင်ငံသားများအနေနဲ့ မိမိပိုင်မဟုတ်တဲ့ ၊သဘောတူကြည်ဖြူစွာနဲ့ ပေးကမ်းခြင်းမပြုတဲ့ သူတစ်ပါးပစ္စည်းကို မယူပဲရိုးသားစွာ တာဝန်ရှိသူထံပြန်လည်အပ်နှံနိုင်ကြတာပါပဲ။ အဆိုးဝါးဆုံးအခြေအနေမှာမျှော်လင့်ချက်မရှိတဲ့ ၊မရှိသလောက်နည်းပါးတဲ့ သူတွေအတွက်ကတော့ ထိုကဲ့သို့စိတ်ထားနိုင်ဖို့ကတော့မလွယ်ပါဘူး။

ဒါကြောင့်လည်း ဂျပန်ငလျင်ထက်ပိုမိုဆိုးဝါးပြင်းထန်တဲ့နာဂစ်မုန်တိုင်းအပါအ၀င် မြန်မာနိုင်ငံကသဘာဝဘေးအန္တရယ်၊မတော်တစ်ဆဖြစ်မှုများမှာ အခုဂျပန်တွေလုပ်သလိုရိုးသားစွာနဲ့ ပျောက်ဆုံး၊ကောက်တွေ့ပစ္စည်း၊ ရွှေ၊ ငွေ စသည်ပြန်လည်အပ်နှံတာ မကြားမသိရသလောက်ပါပဲ...
ဝန်ထမ်းကလည်းဝန်ထမ်းအလျှောက်၊လုပ်အားပေးကလည်းလုပ်အားပေး အလျှောက်ရိုးသားစွာနဲ့ ကိုယ်ပစ္စည်းမဟုတ်တဲ့ဟာဆို ပိုင်ရှင်မတွေ့ လည်း ပြန်အပ်ခဲ့ တာပါပဲ။

This post is from Gaw Na's Facebook on Friday, August 26, 2011 at 11:21am

မိမိအနေဖြင့် ဒီကဗျာလေးနှင့်ပင် ထပ်ပြီး တင်ပြလိုက်ပါရစေ။

ရက်စက်လှသည် အိုဆူနာမီ
Posted by maytharhla on March 14, 2011 at 8:30pm

(၁) ခက်ထန်စီးဆင်း ညင်သာကင်းစွ
ရိုင်းလှရေလျင် ဆိုးလှထင်ရဲ့
အော်…အသင် ရက်စက်နိုင်လွန်းလှပါဘိ။
(၂) သူ့ကိုယ်သူပင် အဟုတ်ထင်သည့်
အသင်ရေလှိုင်း ဘယ်ထိရိုင်းမလဲ?
ပင်လယ်တာဝေး ဘယ်ထိပြေးမလဲ?
(၃) ဦးတည်ရာတလျှောက် ခုန်ပေါက်မနား
ထိုးဖောက်သွားလျက် ဆီးတားမရ
ဒေါသပြင်းဟန် ငလျှင်ဒဏ်ကြောင့်
လှိုင်းထန်ဝဲပွက် ရေဂယက်နဲ့
ပေါ်ထွက်လာငြား အသင် ဆူနာမီကား
(၄) အိမ်ခြေများမြောင် မရှောင်ကျော်ဖြတ်
ကဆုန်ပေါက်ပြေး ဟီးသံကြွေးလျှက်
တွေ့တွေ့သမျှ အနန္တကို
ဆွဲချနင်းချေ အသင့်ရေအောက်
နှစ်မြှပ်မသနား တကယ့်ကို
အသင် လုပ်ရက်ပေစွတကား။
သြော်… ဆူနာမီဒဏ် ပြင်းထန်ခံစား
ဂျပန်များမူ ကရုဏာအတိ မေတ္တာရှိ။
ကယ်ဆယ်ပါဘိ ကမ္ဘာသိ။
နိုင်ငံပေါင်းစုံ ဝိုင်းဝုံအားပေး
လက်မနှေးဘဲ လက်တွဲပါဘိ ဝမ်းသာမိ။
ကူညီပါဘိ လျှမ်းပီတိ။

(မေ့သားလှ-ဇလဂ္ဂ)
၁၃-၀၃-၂၀၁၁

မှတ်ချက်။
ဂျပန်နိင်ငံ၌ ၁၁-၀၃-၂၀၁၁ သောကြာနေ့တွင် ၈.၉ Magnitude သို့မဟုတ် ၉ Magnitude ပြင်းအားရှိ မြေငလျင် အပြင်းထန်လှုပ်ခတ်မှူကြောင့် ဆူနာမီရေလှိုင်းကြီးများဒဏ် အပြင်းထန်ခံစားရသော ဂျပန်ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာပါစေ။ မမျှော်လင့်ဘဲ အသက်ဆုံးပါးသွားကြသူများ ကောင်းရာသုဂတိရောက်ပါစေ။

မေတ္တာဖြင့် (မေ့သားလှ-ဇလဂ္ဂ)

No comments:

Post a Comment