" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Sunday, April 3, 2011

ဖြစ်တည်မှုပလူတစ်ကောင် (မောင်ခိုင်မာ)

စကြ၀ဠာထဲက
ပရမာ မြူတစ်မှုန်ဟာ
သူ့ကိုယ်သူ ခုံမင်စွာ
သူ့ပုံတူကို ပြန်ရှာဖို့
သံသရာကို ပြန်လာနေတယ်
တဏှာကို မကြွေညောင်းအောင်
ရေလောင်း, ပေါင်းသင်
ဗီတာမင်တွေ ကျွေးပြီး
ဘ၀ မီးပုံကြီးဘေးမှာ
ဝိုင်းကြီးပတ်ချာ ပြေးနေတယ်
ဟို ဝေးလံသော ကမ္ဘာဦးမှ
ယခု ပစ္စက္ခကာလတိုင်
မာန…ကို မသတ်နိုင်သေး
အတ္တ…ကို မခွာနိုင်သေး
ငါ…ကို မဖြုတ်နိုင်သေး
(ဒါပေမယ့်……..)
အတောင်ပြုတ်နေတဲ့
ရွှေရောင် ပလူတစ်ကောင်ဟာ…


လူ့ဘ၀ ညအမှောင်မှာ
သမုဒယ လရောင်ကို ခံစားချင်တယ်
သံသရာရဲ့ ဂီတသံစဉ်ကို
သောတအာရုံဝင်စားပြီး
စည်းချက်လိုက်ကြည့်ချင်တယ်
ရမ္မက်ဖြင့် အတိပြီးသော
ကိလေသာ သောင်ပြင်မှာ
ရောင်စဉ် ခုနှစ်ထွေနဲ့
ကခုန်နေချင်သေးတယ်
လူ့ဘ၀ ၀ဋ်ကြွေးကို
သုဓမ္မ ချွတ်ဆေးနဲ့
လျှော်ဖွပ်ဆေးကြောဖို့
တိုးတိုးလေး ပြောပြတော့
(သူက…..) ခေါင်းရမ်းပြီး စိတ်ဆိုးတယ်
နိုး…နိုး…နိုး…တဲ့လေ။


(၁)
တပ်မက်ခြင်း စင်ကြယ်
ခင်တွယ်ခြင်း ဗလာဖြင့်
အာသဝေါကုန်ခန်းသူ
သူတော်စင် ရဟန္တာနှင့်
အရိယာတို့ စခန်းမှအပ
… … …
သဗ္ဗေ ပုရိသာ
သဗ္ဗာ ဣတ္ထိယော
သာမာန်ပုထုဇနော မှန်သမျှ
လောဘ…ဒေါသ
မောဟာ… မာန
ဒိဋ္ဌိ… ၀ိစိကိစ္ဆာ
ထိန… ဥဒ္ဓစ္စ
အဟိရိက… အနေတ္တပ္ပ…တဲ့
ကိလေသ ဆယ်ပါးအပူကို
အားကူလို့ မာန်ကိုးကာ
သိသိနဲ့ ခံတိုးနေတဲ့
ဖလံပိုးလို လူတွေထဲမှာ
သူလဲ တစ်ယောက်အပါအ၀င်…


ရမ္မက်စိတ်နဲ့ ယှဉ်တဲ့
ပျော်ရွှင်သာယာမှု
မေထုနသံဝါသ ဖြစ်တဲ့
လင်ချစ်, မယားချစ်
သမီးရည်းစားအချစ်
အဲဒီ့ ကိလေသာနွံအညစ်မှာ
သိသိနဲ့ ကျွံနစ်နေဆဲ
ကျွဲမိုက်လို လူတွေထဲမှာ
သူလဲ တစ်ယောက်အပါအ၀င်…
အချစ်ရဲ့ သင်္ကေတ
အချစ်ရဲ့ ရူပက
အချစ်ရဲ့ နိမိတ်ပုံ
အချစ်ရဲ့ စိတ်အဟုန်ကို
အာရုံမှာ တွယ်ငြိလို့
သိသိနဲ့ ခံစားနေဆဲ
ဖျားနေတဲ့လူတွေထဲမှာ
သူလဲ တစ်ယောက်အပါအ၀င်


ကာမောဃ..ဘဝေါဃ
ဒိဋ္ဌောဃ… အ၀ိဇ္ဇောာဃတဲ့
ဝဲသြဃ လေးတန်မှာ
တဆန်ဆန် တစုန်စုန်
တခုံခုံ တမင်မင်
တငင်ငင် တငမ်းငမ်းလေ
သိသိနဲ့ လွမ်းနေသူ
အကန်းလိုလူတွေထဲမှာ
သူလဲ တစ်ယောက်အပါအ၀င်ပေါ့
ရှင်မရေ… အကြင်သူဟာ
ဆံပင်ဖြူပေမယ့်
ယခင်မူအတိုင်းပါပဲ
မြေရိုင်းမှာ
ရွှေလှိုင်းမဖြစ်ရန်ကောလို့
သူ့အချစ်ကို သဘောမကျရင်တော့
ယောနိသော မနုသီကာရ
လူပီသတဲ့ အပြုံးနဲ့
သင်တင့်စွာ နှလုံးသွင်းပြီး
အမုန်းကင်းစွာ နားဆင်ပါ…တဲ့။


(၂)
ဝင်ခဲ့တဲ့ အပေါက်က
နောက်တစ်ကြိမ် ပြန်ထွက်ခြင်း
အလျဉ်းမရှိတဲ့ သူဟာ
အချစ်…တဲ့
လျှပ်စစ်ကောင်းကင်ကြီးအောက်မှာ
ကြောက်စရာ မဲခေါင်ခေါင်
အမှောင်ထဲက သီချင်းတစ်သံဟာ
အချစ်…တဲ့
ရွှံ့နှစ်ရောင် ရေငန်ပင်လယ်မှာ
သဘာဝရေချိုးရှာဖို့ ရွှက်လွှင့်
အိပ်မက်ကို အနက်ဖွင့်သူဟာ
အချစ်…တဲ့
နှစ်ပရိစ္ဆေဒကိုစားပြီး
ကျောက်သားလို မာကျစ်နေတြံ
သိင်္ဂါရ ဖီးနစ်ငှက်တစ်ကောင်ဟာ
အချစ်…တဲ့


ဆိုက်ပရက်စ်အပင်နဲ့
မျက်နှာကို မမြင်အောင်ခြုံရတဲ့
မဟူရာဝတ်စုံကို စက်ဆုပ်သူဟာ
အချစ်…တဲ့
အချစ်…အချစ်…အချစ်...
သူဖြစ်စေချင်တဲ့ အရာကို
မဟာစကြာဝဠာရဲ့စာမျက်နှာမှာ ရှာဖတ်လိုက်တော့…။




(၃)
လောကီအတ္ထုပ္ပတ်
လူတို့ဇာတ်ခုံမှာ
တရစပ်ဖြစ်ပျက်နေတဲ့
ချစ်ရမ္မာက်ပုံသဏ္ဍာန်ဟာ
ဒဏ်ရာရလာတဲ့ မြင်းရိုင်းတစ်ကောင်
ဆာလောင်မွတ်သိပ်နေတဲ့ ခြင်္သေ့
မုတ်သုံလေမွှေ့သွားတဲ့ လှိုင်းလုံး
အမြင့်ဆုံးက ကျလာတဲ့ ကျောက်တုံး
ဝရုန်းသုန်းကား ထူးလွတ်မုန်ဆင်
အလျင်စလိုဖြစ်နေကြတဲ့
ရေလွှမ်းမြစ်ဆိပ်အနီးက
ခရီးသွားလူအုပ်ကြီးလို..
မချုပ်တည်းနိုင်စွမ်း
တရကြမ်း ပြတ်လွင့်ဖိတ်စဉ်
အချစ်ရဲ့ စိတ်အလျဉ်ဟာ
ဘယ်အခါမှာ ညင်သာပြီး
ဘယ်လိုနည်းနဲ့ သိမ့်မွေ့ပါမလဲ
ကနေ့အထိတော့
ဣနြေ္ဒ့ရှင်ဖြစ်ဖို့ဝေးစွ
တမှေးတမှိတ်တောင်မှချွေးတိတ်အောင် မအိပ်ရသေးပြီ။


(၄)
အချစ်ဆိုတဲ့အရာဟာ
ယမကာ အမူးသောက်ပြီ
အရူးတစ်ယောက် မောင်းလာတဲ့
ဆီပျောက်, မီးပျောက်
ဘရိတ်ပေါက် ကားတစ်စီးသာဆိုရင်
အချစ်ခရီးသည်တွေရဲ့ ရှေ့ရေးရယ်
အချစ်နဲ့တွေ့ဖို့ ရပ်စောင့်နေတဲ့
ခပ်ဖြောင့်ဖြောင့် သူမရယ်
အူတူတူ အတတနဲ့
အချစ်မျဉ်းကျားပေါ်မှာ
မင်းသားလေးလို လမ်းဖြတ်ကူးသူရယ်
ကမူးရှူးထိုး ဖျိုးဖျိုးဖျပ်ဖျပ်နဲ့
ဆိုးဆိုးဆတ်ဆတ် ကောင်မလေးရယ်
အို…မတွေးဝံ့စရာတွေပါလား
တခါမှားပြီးရင်
ဘာတရားမှ နားမ၀င်
ပင်လယ်ကူးဖို့ ၀န်မလေး
ကြာသလားလိုက မမေးနဲ့
အသွေးအသားက ဆာလောင်
အမှောင်ကို မရှောင်နိုင်ကြ
ဆောင်ကြာမြိုင်မှာ ပျားရည်ရှာကြ


တစ်ပါးသီလကိုတော့
နားစည်ရှအောင်
ခါးညှီလှသတဲ့
ရှင်မရေ…
ဟောလိဝုဒ်က အချစ်ဟာ
မျက်နှာသစ်သလိုပဲကွယ်
သူ့အရင်က တစ်ယောက်
သူက တစ်ယောက်ပေါ့
ဘီယာသောက်တာလောက် မခက်
ဖုန်းဆက်တာလောက် မပင်ပန်း
အရွယ်ဆိုတဲ့ ဇာခန်းဆီးအသစ်ကို
ဖျတ်ကနဲလှစ်လိုက်တာနဲက
အချစ်ဆိုတဲ့ မာယာဟာ
ဒန်းစီးရသလိုပါပဲ
ရင်ထဲမှာ တဖိုဖို
ကိုယ်ထဲမှာ တရှိန်ရှိန်လေ
ငြိမ်သွားတော့ မနေတတ်
ဆားငန်ရေငတ်တဲ့ အတိုင်းပေါ့
အချစ်ရဲ့ သမိုင်းအလှဟာ
သည်လိုနဲ့ ရိုင်းရတော့မှာလား…။

(၅)
အချစ်ဆိုတဲ့အရာသာ
စစ်ဆိုတဲ့ ကမ္ဘာကြီး ဖြစ်ခဲ့ရင်
ချစ်မြေပြင်မှာ ခါးထောက်ရပ်
ချစ် သေနင်္ဂဗျူဟာ အတတ်နဲ့
အချစ်ငတ်နေတဲ့
အချစ်တပ်တွေကို
တရစပ် ပစ်ခတ်ချေမှုန်းနိုင်တယ်
အချစ် မသိတဲ့
ပကတိ ပုရိသတွေကိုတော့
အမိအရ အရှင်ဖမ်းလို့
ချစ်သုံ့ပန်းအဖြစ် အိမ်မှာမွေး
အချိန်မရွေး (လိုရာ) ခိုင်းနိုင်တယ်
အချစ်သမိုင်းတစ်လျှောက်မှာ
ယောက်ျားတစ်ယောက်ရဲ့ အမုန်းကြောင့်
သူမရဲ့ အသည်းနှလုံးဟာ
ဖဲရှုံးတာလောက် မခံစားခဲ့ရ
ကျားတွေကို အိပ်မွေ့ချနိုင်တယ်
သူမဟာ ဣတ္ထိယ ဖြစ်ပေမယ့်
အချစ်ရေးရာ တိုက်ပွဲမှာတော့
ချစ်သွေးဆာနေတဲ့ ဧကရာဇ်ပေါ့

မိန်းမ ဂျင်ဂျစ်ခန်လို့ ဆိုဆို
မိန်းမ နပိုလီယံလို့ပဲ ပြောပြော
သူ့အချောအလှ နည်းတွေနဲ့
အနုလောကကြီးကို
မီးလောင်ပြာကျ စေနိုင်တယ်
ဥရောပရာဇ၀င်မှာ
သူမကို မြင်ဖူးသလိုလို
ပ၀ါလေး ကပိုကရိုရစ်ပြီး
ကုန်းဘောင်ခေတ် နေ၀င်စမှာ
သူမကို တွေ့ဖူးသလိုလို
“ကလီယိုပါထရာလား”
“မာရီအင်တွိုင်းနက်”လား
ဟယ်လင်မင်းသမီး”လား
“အရီးတော်မဟာဒေ၀ီ”လား
“မဟေသီ ရှင်မင်းနု”လား
“ထိပ်တင်စုဖရားလတ်” လား
(သူ အမှတ်မှားရင် ခွင့်လွှတ်ပါ…)

ဆယ်ငါ့မိနစ်တစ်ကြိမ်
အိမ်ထောင်ကွာရှင်းပြတ်စဲမှု
တစ်ခုတဲ့…
အမေရိကန်ပြည်ထောင်စုရဲ့
လူမှုရေးစာရင်းဇယား
ရှင်မ…ကြားဖူးပါသလား
“လေးဆယ့်ငါးနှစ်”ဆိုတဲ့ အရွယ်ဟာ
မငယ်တော့ပေမယ်
“တစ်ယောက်ယောက်ကို ချစ်နေရမှ
ကျွန်မ နေတတ်တယ်”…လို့
မကွယ်မ၀ှက် ပြောပြတဲ့
ဟောလိဝုဒ်က- မင်းသမီးကြီး
“ဂျနီဖာအိုနီးလ်” ရဲ့သတင်း
မဂ္ဂဇင်းတစ်စောင်မှာ ဖတ်ရတော့
သူ, ဖျတ်ကနဲ လန့်သွားခဲ့
အိမ်ရှင်မရဲ့ ခါးကိုတောင်
ယောင်ရမ်းပြီး လှမ်းဖက်မိ
ကြည့်စမ်း…ဒါဟာ
မာယာ…မာယာ…မာယာ…လို့
သူ့ရင်ထဲမှာ
ငြင်သာစွာ ပေါက်ကွဲသွားတယ်။

(၆)
သွားစမ်းပါ မာယာရယ်
ဟော့ဒီမှာ ခြေရာသာပြခဲ့ပြီး
ခုအထိ ရှာမရသေးတဲ့
သိင်္ဂါရ ငှက်ကလေးရဲ့ သီချင်း
မင်းကြောင့်…
မျဉ်းဖြောင့်တွေကောက်သွားတဲ့ကိစ္စ
မင်းကြောင့်…
မီးလောင်တိုက်အသွင်းခံရတဲံ
နှလုံးသားတွေရဲ့ ဈပနသတင်း
မင်းကြောင့်…
အသက်အောင့်ပြီး နမ်းရတဲ့အချစ်
စိတ်ညစ်လိုက်တာ မာယာရယ်
စက်ဆုပ်လိုက်တာ မာယာရယ်
အန်ချင်လိုက်တာ မာယာရယ်
ဖယ်စမ်းပါ မာယာရယ်
ပင်လယ်ရဲ့ ဆိတ်ငြိမ်အေးချမ်းမှုနဲ့
အတုမဲ့ ကျယ်ပြန့်မြင်ကွင်း
နီလာရောင် ရေသင်ဖြူးတွေခင်းလို့
သန့်ရှင်းမြင့်မြတ်လှပတဲ့
ဘ၀သီချင်းတွေ ဆိုလို့

အဲဒီလို မနက်ခင်းကိုမှ
ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့တာ
လှိုင်းဂယက်တွေ ပွက်ကြမ်းစေခဲ့တာ
သွေးညှီနံ့ ဖုံးလွှမ်းသွားစေတာဟာ
ကိလေသာ ငါးမန်းတစ်ကောင်ကြောင့်ပေ့
“မအေးပွင့်, မြင့်မြင့်စမ်း
လမ်းသုံးဆယ်”..ဆိုတဲ့
ရင်လှိုက်သည်းဖို ၀တ္ထုလို
“နုနုထွေး, နွေးနွေးခင်
စင်သီယာ”..ဆိုတဲ့
နာရီစင်အောက်က အချစ်ကဗျာမှာ
သစ္စာရှာဖို့ ခြေအလှမ်း
ငါးမန်းအကိုက်ခံရတဲ့ လူ
အငိုက်မိသွားရတဲ့ လူ
သူသူငါငါ, လူသတ္တ၀ါမှာ
သူ, မပါဘူးဆိုတာ တင်ပြတော့
ရှင်မက… မျက်စောင်းထိုးသတဲ့လား
အရိုးသားဆုံး အိပ်မက်လှလှနဲ့
တသသ ဖန်တီးထားတဲ့
သိင်္ဂါရ ငှက်ကလေး
ဘယ်ဆီ ထွက်ပြေးနေပြီလဲ

ဟိုး အဝေးကို ငေးရင်း
ဆေးပြင်းလိပ်တိုကို ခဲပြီး
ချွေးတွေစိုရွှဲနေတဲ့ လူ
နေပူတံလျှပ်ထဲက လူ
မြက်ရိုင်းထူထူထဲက လူ
အပူတပြင်း ဖြတ်သန်းခဲ့
ဘ၀အလွမ်းနဲ့ မော့စရိုက်
(သူ့အိပ်မက်ကို….)
အသော့လိုက်ရှာနေတဲ့ လူ
ဆံပင်ဖြူတွေတောင် ပေါက်လို့
ဇရာဘက်
တစ်ဝက်ထောက်လာခဲ့ပြီ
ကာလီဒါသလို
ကြာခြည်သဘာဝကို မသိပေမယ့်
မျက်စိ, နား, နှာ
လျှာ, ကိုယ်, စိတ်….
ဘယ်တော့မှ ပိတ်မထားတဲ့
တံခါးခြောက်ပေါက်မှာ
ခါးထောက်ပြီး လေ့လာခဲ့ပြီ

အရှေ့ အနောက်…
တောင် မြောက် ၀ဲယာ အရပ်ကို
အမြဲမပြတ် အကဲခတ်စစ်ဆေး
သမုတိအချစ်ကို ဖိုထိုး
တစ်နေ့နေ့မှာ ရွှေဖြစ်နိုးပေါ့
ခါးချိုးပြီး တအားကြိုးစားရင်းက
သူ့ခါးကို ပျင်းရိစွာဆန့်တန်း
ဟို မလှမ်းမကမ်းကို
ကမန်းကတန်း ရှုလိုက်တော့
“စူဠသုဘဒ္ဒါလို မိန်းမ”…တဲ့
ခေတ်ပေါ်ဗွီဒီယို ရုံလေးရှေ့က
ဆေးရောင်စုံ ပိုစတာတစ်ချပ်
အမှတ်မထင် မြင်လိုက်ရ
သူ့ရင်ထဲမှာ နာကျင့်ပါ့
ဒါ…ရှင်မနဲ့ မဆိုင်ဘူးနော်။

(၇)
ဖိုသတ္တ၀ါတွေရဲ့
မာကျောတဲ့ နှလုံးသားကို
မျက်လုံးနဲ့ ပုတ်ခတ်ကစားခဲ့သူ
ဆံပင်မှ ခြေဖျားအထိ
သူမမှာ ရှိရှိသမျှ
ဣတ္ထိယ ကောက်ကြောင်းတွေနဲ့
ဖောင်းဖောင်းကြွကြွ အလှညှို့ငင်
ထောင်ချောက်ဆင်နိုင်ခဲ့သူ
မမြင်ဝံ့ကို မြင်ဝံ့စေလို
ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့
ချစ်ဖွယ်ဖူးစို့ ပါရီမြို့ရဲ့သရဖူ
မို့မို့ဆူဆူ ဖြူဖြူ ဖြိုးဖြိုး
အရိုးအဆစ်, အရစ် အကွင်း
အပြစ်ကင်းစွာ လှခဲ့သူ
တချို့က
သူမကို ညှို့မ…တဲ့
လှပတဲ့ ကျားသစ်မလို့လဲ ခေါ်ကြ
သူမအမည်…ဘီဘီ
(သို့မဟုတ်)
‘ဘရစ်ဂျစ်ဒီ ဘာဒိုး’…တဲ့လေ
ကျားဆိုးတစ်ထောင်ကို
ခါးကျိုးအောင် လုပ်ပစ်နိုင်တယ်
သူမရဲ့ အချစ်ပိုက်ကွန်မှာ
ဦးစိုက်ကျွမ်းပြန် ဖြစ်စေခဲ့တယ်

အခုတော့ ရှင်မရယ်
အရွယ်တော် တဆိတ်ဟိုင်းခဲ့ပြီ
အချစ်မှာ…
စိတ်တိုင်းမကျတော့တဲ့ ‘ဘီဘီ’ဟာ
ရည်ရွယ်ချက် ပိုလေးနက်ခဲ့
ကြောင်လေးတွေ, ခွေးလေးတွေကို
ခြံကြီးထဲမှာ မွေးမြူ
တိရစ္ဆာန်ချစ်သူအသင်းကို ဖွဲ့စည်း
နီးစပ်ရာ မိတ်ဆွေတွေကို စည်းရုံး
ဟိုတုန်းက အချစ်တွေ ကုန်ဆုံးသွားတော့
နှလုံးသားဟောင်းကို ထုတ်ပစ်
နှလုံးသားအသစ်ကို အစားထိုး
သူမအချစ်ဟာ
ပုံသဏ္ဍာန်တစ်မျိုးနဲ့ ပြန်ဖြစ်ပေါ်
သံယောဇဉ်အသစ်နဲ့ ပျော်နေသူ
တိရစ္ဆာန်တွေကို ချစ်နေသူ
တစ်ခါက ပြင်သစ်ဧကရီ…
ဘီဘီရဲ့ဘဝ
မဆီ မဆိုင် တင်ပြတော့
မျက်မှောင်မကြုတ်ပါနဲ့ ရှင်မရယ်။

(၈)
ဟို တစ်ခါက
သူ ဖတ်ခဲ့ရတယ်
‘အသက်ငါးဆယ်ပြည့်လျှင်
အကြင်ပုဂ္ဂိုလ်သည်
တောမှီဓလေ့နှင့်
ယောဂီမွေ့ရန်အလို့ငှာ
ဆူညံသောင်းသံ-လောက၀ဲကို’
ကျောခိုင်းစွန့်ခွာ အပ်သတဲ့
မြင့်မြတ်တဲ့ဝါကျကို
မကြာခဏ ဖတ်မိပေမယ့်
လက်တွေ့အသိ မရှိသေးသူ
‘ဧဟိဘိက္ခူ’…
သူတော်စင်တို့ လမ်းပေါ်သို့
ရှင်ရဟန်းလာလော့…တဲ့
ဘုရားကန်တော့နေစဉ်
အကြည်လင်ဆုံး အသံတော်ကို
တစ်ခါတစ်ရံ ကြားယောင်မိ
အမှောင်ကို သိပေမယ့်
အလင်းရှိရာ အလာထောက်လို့
သူ… ဘာကြောင့်ကြနေပါလိမ့်
ခဏ တဒင်္ဂအရပ်ကို
အသင်္ခတဓာတ်လို့ မထင်ဝံ့ပေမယ့်
စွန့်ထွက်ဖို့ အခက်ကြုံ
တရားသက်လုံ မကောင်းသူ…။

(၉)
တစ်ရံရောအခါတုန်းက
ဟောဒီ့နေရာဒေသမှာ
သူ ခြေချခဲ့ဖူးတယ်
စိတ်ကူးတွေ တစ်လှေကြီးနဲ့ ဘဝ
ပျိုရွယ်စ, ကာလများပေါ့
ဟိုနားမှာ အင်းလျားကန်
ယုဒသန် သည်ဘက်ကူးတော့
ဦးချစ် လက်ဖက်ရည်ဆိုင်
မိုးအလင်းထိုင်ချင်သေးရင်
‘ချစ်ကြည်ရေးကဖီး’…
လမ်းငါးမွှာ ဆုံစည်းတဲ့
မြက်ခင်းစိမ်းအ၀ိုင်းကြီးပေါ်မှာ
(ဟိုတုန်းက-မီးပွိုင်မရှိသေး)
‘ချစ်သမီးထံပေးစာ’နဲ့
တာရာ, စာပေသစ်, လင်းယုန်
ငြင်းခုန်သံ, ကားဟွန်းသံ
လရောင်ရွှန်းမြဟန်
ရုပ်ရှင်ညပွဲအပြီးမှာ
ဇီးကွက်တို့ ပြန်လာကြသံ
မယ်ဒလင် တီးခေါက်သံ

ဟိုအုတ်လှေကားအောက်မှာ
စင်္ကြန်လျှောက်နေတဲ့ အဘကံသိန်း
ဆိုင်သိမ်းဖို့ မေ့နေတဲ့
ကိုပြည့်ရဲ့
‘ဦးဆောက်ပန်းစာပေ’…
ဟော့ဒီနေရာက
ဂုဏ်ဆံသနဲ့ စံပြကဖီး…
သခွပ်နီ, ကြီးပြင်းခဲ့ရာ
လွမ်းစရာ မှတ်တမ်းလေ
အောင်ချမ်းသာ လမ်းကျဉ်းလေးထဲက
အလွတ်ပညာသင်ကျောင်းရဲ့
အခန်းဟောင်းလေးထဲမှာတော့
“မဟူရာမေတ္တာ”…ရဲ့ အိပ်ရာ
သူ့အိမ်ထိပ်မှာ လှည်းတန်းဈေး
ဟိုမှာ လမ်းတိုလေးတစ်ခု
အရပ်ပုပုနဲ့ ကောင်မလေး-အိမ်
အကြိမ်တွေ ရေတွက်မဆုံး
အချိန်တွေ ဖြုန်းခဲ့ဖူးတယ်
နှစ်ပေါင်းသုံးဆယ်ကျော်က အချစ်
‘တစ်ထောင့်ကိုးရာ ခြောက်ဆယ့်နှစ်’
ဘယ်တော့မှ မအိုတဲ့ သက္ကရာဇ်
ပြန်တွေးတိုင်းသစ်နေဆဲပေါ့

အေး…ခုတော့
ဆည်းဆာဖျော့မှိန်ခဲ့ပြီ
အချိန်ရဲ့ ပျံသန်းမှုများက
မုသာဝါဒကို သယ်ဆောင်
သူ့ကို မမြင်ယောင် ဆောင်ကြပြီ
မာကျူရီနို့ရည်ဆမ်းထားတဲ့
မဟူရာနိုင်လွန်လမ်းသစ်ပေါ်မှာ
ညကိုချစ်တဲ့ ပုရစ်ကောင်များ
ကားတွေနင်းသွားတာ ပြားလို့
သူ့နားက ဖြတ်သွားဖူးတဲ့
မီနီစကဒ်တစ်ထည် အကြောင်းနဲ့
ပန်းရောင်းတဲ့ ကောင်မလေးရုပ်ပုံ
စုံစီနဖာ ပြန်တွေးရင်း
ရေအေးအေးတစ်ခွက်ကို
အိပ်မက်ထဲကလို
အမောတကော သောက်ချ
ကဗျူပဒေသတွေ ပြန်ကြည့်
အဘိဓာန်တွေ ပြန်ထုတ်
သည်လူ…
ဘာတွေ လုပ်နေတာပါလိမ့်။

(၁၀)
ဟော့ဒီလောကမှာ…
သြသဓ သစ္စာမြတ်နဲ့
မနောမယ မေတ္တာဓာတ်ကို
အထပ်ထပ် ဖွေရှာခဲ့သူ
ယူရေနီယံဓာတ်သဘောကို
အရပ်ပြောလောက်တောင် မသိပေမယ့်
ကြည့်…
ဘ၀မှတ်စု အခြေပြနဲ့
ဘ၀သတ္တုဗေဒအလုပ်မှာ
နစ်မြုပ်ဝင်စားခဲ့သူ
သမိုင်းကို အမြင်မရှုပ်အောင်
အရိုင်းကို အယဉ်လုပ်မတဲ့
အဂုၤတၱိဳရ္မွာ ရွာၾကည့္သူ
ကိလေသာအညစ်အကြေးဟာ
မဏိမေခလာ ချစ်ဆေးတဲ့လား
ညစ်ထေးမှုကို မယဉ်ပါး
ယင်နားစာကို အော်ဂလီဆန်သူ
ရင်ခုန်သံမပါတဲ့ ရေမွှေးနဲ့
ဈေးကွက်စီးပွားရေးအချစ်ကို
မသုံးဖြစ်အောင် ထိန်းချုပ်
ဗိုလ်ချုပ်ဈေးကို ကျောချမ်းခဲ့သူ
… … … … … …

သူ့အလုပ်စခန်းမှာတော့
ဗဟုဝုစ်ပန်းတွေ ပျိုးရင်း
တစ်ခါတစ်ရံ မိုးလင်းခဲ့ပြီ
ရေချိုးချိန်, မှန်ကြည့်ချိန်မရ
သန္တရသ သူ့ဥယျာဉ်မှာ
ပင့်ကူမျှဉ်တွေ ရစ်သန်းခဲ့ပြီ
ခြမ်းပဲလကလေးကတောင်
နှုတ်ခမ်းမဲ့ပြီး လှောင်ပြတယ်
သူ့မှာ အဆောင်အယောင် မလို
အာလာဒင်မီးခွက်ဆန်း မလို
‘ကိုယ်စွမ်းကိုယ်စဖြင့် ကြီးပွားရေး’…
ဘ၀ပညာပေးစာအုပ်မှာ
‘အပိုအလုပ်တစ်ခုခု လုပ်ပါ’…တဲ့
သူ့မှာ (အပို) လုပ်စရာအတွက်
အိပ်မက်နှစ်မျိုး မမြင်
ပဉ္စလက်မျက်နှာ မပါ
နေကာမျက်မှန် မသုံး
ဧည့်သည်တော်ပြုံး မရှိ
မူကွဲနှလုံးသား မရှိ
ကဗျာနုဿတိမှ တစ်ပါး
တစ်ခြားအပိုအလုပ်ကို
ယားသလိုတောင် မကုတ်ခဲ့သူ…။

(၁၁)
လဗ်(Love) ဆိုတဲ့ စာတမ်းလေးနဲ့
လုလင်ငယ်သွေးဘ၀ကတည်းက
ရခဲ့တဲ့ လွယ်အိတ်တစ်လုံး
အခုထက်ထိ…
သူ့ပခုံးမှာ အမြဲလွယ်
သူ့စားပွဲမှာ အမြဲထား
သူသွားလေရာမှာ တွယ်ချိတ်လို့
ဘယ်တော့မှ မပြယ်တဲ့ ငယ်အရိပ်လေ
အဲဒီ့ လွယ်အိတ်လေးထဲမှာ…
အတိတ်မေ့ ဆေးပြား
အသနားခံစာ လျှောက်လွှာ
ဝါစာကမာ စာအုပ်
ပုပ်နေတဲ့ ပန်းသီး
(ဇရာကို ညာဖြီးရန်…)
ဘီး၊ မှန်၊ ပေါင်ဒါ၊ ရေမွှေး
ကိုယ်ရည်သွေး ဒိုင်ယာယီ
မျက်ရည်သုတ် လက်ကိုင်ပ၀ါ
မျက်ဖြေလင်္ကာ အပိုင်းအစ
ဘ၀ကို ဖက်စပ်လုပ်ဖို့
လက်ထပ်စာချုပ်နဲက ၀န်ခံကတိ
ဘယ်တော့မှ မရှိစေရဘူး
ဘယ်တော့မှ ထည့်မထားဘူး

ကျား….ဆိုရင် ဟိန်းမှ
မှိန်းဆိုရင်… ချွန်မှ
ထွန်….ဆိုရင် ခြစ်မှ
စွန်…ဆိုရင် လှစ်မှ
‘အချစ်’…ဆိုတာ ဘာလဲကွယ်
အချစ်မှာ မူကွဲ အမျိုးမျိုး
တန်ဖိုး အစားစား
စာရင်းဇယား အထွေထွေ
အခြေအနေ အရှုပ်ရှုပ်
ဂုဏ်ပုဒ် အဖုံဖုံ
ဝတ်စုံတွေ အဆန်းဆန်းနဲ့
အချစ်ဟာ မခမ်းနားဘူး
မင်္ဂလာပန်းကုံး မလိုဘူး
မင်္ဂလာအခါတော် မရွေးဘူး
တက်ဈေး၊ ကျဈေး မရောင်းဘူး
ခေါင်းပေါင်း၊ ပ၀ါ မရှာဘူး
ရာထူးဘွဲ့ထူး မမက်ဘူး
အမှားပြင်ဆင်ချက် မသုံးဘူး

အပို လုပ်ထုံး လုပ်နည်းတွေ
ပေသီးတွက်၊ တွက်နည်းတွေ
ဒေးကာနက်ဂျီ နိဿရည်းတွေ
မယုံသင်္ကာ သံသယတွေ
ဘာတစ်ခုမျှ မရှိစေရဘူး
သူသိတဲ့အချစ်ဟာ…ဘာတဲ့
‘ဇရာနယ်ချဲ့လာလို့
နံသာပြယ်တဲ့ မျက်နှာကို
ကဗျာရှယ်ဖွဲ့လိုက်တဲ့အခါ
ဟော့ဒီကမ္ဘာမှာ အလှဆုံး
(ရှင်မကလွဲလို့…)
ကဲ-ဘယ်သူများရှိဦးမှာတုန်း’..တဲ့။

(၁၂)
တဏှာပေမကို အမြစ်တွယ်ခဲ့
ဖြစ်လွယ်ပျက်လွယ်တဲ့ အချစ်စိတ်ဟာ
မျက်စပစ်တယ်၊ ခေါင်းညိတ်တယ်
ဈေးဆစ်ပြီး အချောင်နှိုက်တယ်
ကိုကာကိုလာ ကြိုက်တယ်
ဟိုမုန်းဓာတ်ပါတဲ့ အားဆေးကြိုက်တယ်
အသိုက်အမြုံကို ရှောင်တယ်
တံစိုးလက်ဆောင် ပေးတယ်
သွေးအေးအေးနဲ့ ရက်စက်တယ်
တက်စိတ်၊ ကျစိတ် သိပ်မြန်တယ်
အမျက်စောင်းမာန် ကြီးတယ်
သီးခြားနေရာကို ရှာတယ်
အနုပညာ(မာယာ) ကြွယ်ဝတယ်
အလိုက်သင့်ဝါဒ ကျင့်သုံးတယ်
အမြင့်ဆုံးကို မျှော်မှန်းရင်း
ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိတယ်
မိမိထင်ရာ စီမံဖော်စပ်ထားတဲ့
အနတ္တ ဆောင်ပုဒ်နဲ့
ဘ၀မှာ ထင်ရာလုပ်တတ်တယ်
စိတ်လှုပ်ရှားမှု ကုန်ခန်းသွားရင်
သံယောဇဉ်ကို ရန်ရှာတယ်

ရံဖန်ရံခါမှာ….
မေတ္တာသုတ်ကို ရွတ်ဆို
ဗြဟ္မစိုရ်တရားပွားများလို့
(ဆိတ်ကွယ်ရာအရပ်တစ်ပါးမှာ)
တောကစားဝါသနာပါတယ်
တစ်ခါတစ်ရံ …ကဗျာဆန်ပြီး
တစ်ခါတစ်ရံ…ဟစ်တလာဆန်တယ်
တစ်ဆံခြည်ကို ဆယ်လီဖွဲ့ကာ
ပြာလဲ့မှာ ဇာချဲ့တတ်တယ်
ဇရာကို လန့်ကြောက်
သစ္စာကို အကောက်ကြံ
ကံကြမ္မာကို ယိုးမယ်ဖွဲ့လို့
အမှည့်ရနိုး အဖျားတိုးတတ်တယ်
ကိုယ်ကျိုးစီးပွားကို ကြည့်တတ်တဲ့
ကိလေသာစိတ်ဓာတ်ဟာ
အရိပ်ဟပ်ဖို့ သိပ်ကပ်လာရင်…
ကြင်နာတဲ့ လေသံတိုးတိုးလေးနဲ့
ဆွေမျိုးစပ်လာခဲ့ရင်…
ခပ်ပြတ်ပြတ်နေ ရှင်မရေ…တဲ့။

(၁၃)
အချစ်ကြောင့်ဖြစ်ရတဲ့
ပရိဒေ၀…
ဒုက္ခ၊ သောက၊ ဗျာပဒတွေ
ခွာချလို့ မဖြစ်
စွန့်ပစ်ဖို့ မလွယ်
ရုန်းဖယ်လို့ မရနိုင်တဲ့
ဘ၀ရဲ့ အနှောင်အဖွဲ့တွေကို
ရှောင်ခဲ့ ရှားခဲ့ကြသူများဟာ
ဘာတရားကို ကျင့်ကြံလို့
ဘယ်လို သတိပဋ္ဌာန်နဲ့
ဘယ်လို အသိဉာဏ်ရှိခဲ့ကြပါသလဲ
သူ သိချင်လိုက်တာလေ
ဆော့ခရတ္တိ ဆိုသူရဲ့
အဘိဓမ္မာအရတော့
‘လူ့ဘ၀မှ ဝေးလာသည်နှင်အမျှ
သစ္စာတရားနှင့်၊ နီးလာခဲ့ပြီ’…တဲ့
ဘယ်နည်းနဲ့မှ မဖြစ်
မဖြစ်…မဖြစ်…မဖြစ်
ပုထုဇဉ်အချစ်ကို ဆန့်ကျင်
သံယောဇဉ်ကို ဖီလာပြု
လူမှုဘ၀မှ ခွဲထွက်ရေး
သူ့ရင်ထဲက မဲမပေးနိုင်ပါ

သူဟာ မွေးလာကတည်းက
ဂမ္ဘီရ လျှိုမြောင်အသွယ်သါယ်
မာလောနွယ် ၀င်္ကပါချောင်
သူယောင်မယ် ချောက်ကမ်းပါးနဲ့
ချောက်ချားဖွယ် တောလမ်းကို
မောပန်းစွာ ဖြတ်သန်းခဲ့သူပါ
သူ့ကိုယ်ရေးမှတ်တမ်းမှာတော့
မြတ်ပန်းရနံ့ကို သယ်ဆောင်သူ
အပြာရောင်လမင်းကို ဖန်ဆင်းသူ
သိင်္ဂါရ အချစ်သီချင်းကို
အပြစ်ကင်းစွာ သီဆိုသူ
(သို့မဟုတ်)
ဇရာ ဒုဗ္ဗလနယ်က
မဟာဒုက္ခသည်ကြီး…….သူ
‘ုကြေးစည်တီးလျှင် ခွေးအူ
ကုသိုလ်ယူလျှင် မာရ်နတ်ဖျက်’
ဘယ်တော့မှ စိတ်မပျက်ခဲ့သူ
ပွန်းရှ အသက်ရှုသံ
ကံကြမ္မာ မဲတစ်လိပ်
ဘ၀အိတ်ပိတ် ထီတစ်စောင်
အနာဂတ် အပေါင်လက်မှတ်
တစ်ချိန်မှာ တန်ဖိုးတက်လိမ့်မယ်
ဒေါ်လာနဲ့ဖြားယောင်းတာတောင်
ယောင်လိုမှ ရောင်းမစားနဲ့
ရှင်မရေ…..ကြားလား……တဲ့။

မုသားမပါတဲ့ အိပ်ခန်း
အနမ်းမပါတဲ့ အလှဓာတ်
အလွမ်းမပါတဲ့ ပြဇာတ်ကို
ယဇ်ပူဇော်ပသပြီးမှ
ကပြခွင့် ရမယ်ဆိုရင်…
…………………………..
နှင်းခါးတွေကျနေတဲ့ညမှာ
ဘ၀တစ်ခုလုံး ပုံပေးပြီးမှ
ယုန်မွေးအနွေးထည်လေး တစ်ထည်
လက်ဆောင်လာပေးမယ်ဆိုရင်…
ဘာတစ်ခုမှ မလိုချင်ဘူး
‘မလိုချင်ဘူး….
မလိုချင်ဘူး…..မလိုချင်ဘူး’…လို့
တူးတူးခါးခါးနဲ့
စူးစူးဝါးဝါးအော်ငေါက်
အို…သည်လူ ပေါက်များသွားပြီလား။

(၁၄)
သူ့ဘ၀ အသိုက်အမြုံကို
အမှိုက်ပုံလို ထုပ်ပိုးပြီး
ဟိုချိုး….သည်ကွေ့
ဟိုရွေ့..သည်ပြောင်း(အကြိမ်ကြိမ်)
‘အိမ်တစ်စောင်-မီးတစ်ပြောင်’ဆိုတဲ့
နာမ်နဲ့ နာမ၀ိသေသနအလုပ်
အထူးပြုဂုဏ်ပုဒ်ဟာ
သဒ္ဒါစာအုပ်ထဲက ခေါင်းစဉ်ပေါ့
အပြင်မှာတော့ရှိ..မရှိ
သူ၊ တကယ်မသိပါ မိတ်ဆွေ
သူ့မှာရှိတာတွေက-
…. …. …. ….

‘၀ိမုတ္တိရသ’…
‘ဟိတောပဒေသ’…
ဓမ္မပဒ’-‘ကပ္ပပြဿနာ’
‘အနုစကြာဝဠာ၊ မဟာစကြ၀ဠာ’
‘ရုပ်ကမ္ဘာ’-‘သဘာဝတ္ထ’
‘အားလုံးကောင်းကြရဲ့လား’
‘ဇနီးနဲ့သားသမီးများထံ ပေးစာ’
မဟူရာမေတ္တာ’-‘မသိန်းရှင်’
‘ရဲဘော်အောင်ဒင်’- ‘မခင်နီ’
‘ဒီမီထရော့ဗ်’-‘ဖူးချစ်’…
သူ၊ သိပ်ချစ်ခဲ့တဲ့ စာအုပ်တွေဟာ
သူ့ဝေဒနာကို ကုစားတဲံ
သမားတော်တွေဖြစ်တယ်

သက္ကရာဇ်တွေရဲ့ မိတ်ဆွေ ဖြစ်ခဲ့တယ်
ကြွက်တွေ…ခြတွေ
ပုရွက်တွေ..ပိုးဟပ်တွေရဲ့
ဆိုးကပ်ထိပါးမှုရန်ကို
ကြိမ်ဖန်များစွာ ခံခဲ့ရတယ်
သည်လိုနဲ့
နာလန်ပြန်ထနိုင်အောင် ကြိုးစား
အများကြိုက် မိုးခါးရေကို သွန်ပစ်
အချစ်ယောင် ဆောင်ထားတဲ့
ဟို…လျှိုမြောင်ကြားကို အကဲခတ်
‘ဆင် ချောင်တဲ့ မြောင်ချပ်မှာ
ကြောင်ကျပ်လို့နေတာ’…
ဘာဆန်းသလဲရှင်မရယ်….။

(၁၅)
ဘ၀မှာ ငေးငေးငူငူနဲ့
အကြွေးထူ လူတစ်ယောက်ဟာ
အပြင် ဒေါ်လာပေါက်ဈေး
ဘယ်လောက်လဲလို့ မတွေးနိုင်သလို…
လမ်းဘေးကွမ်းယာဆိုင်က
ပါရာစီဒမော့ တစ်ပြားလောက်နဲ့
အဖျားပျောက်အောင် ဖန်တီးနေရသူဟာ
‘အီး စီ ဂျီ’…
‘အာရာလ်ဆောင်း’ဆိုတာ
ဘယ်လိုကောင်းသလဲ မသိသလို
သူ့ကိုယ်သူ ကြည့်နေရင်း
ဇာတိပြိုဟောင်း
နေညိုစောင်းခဲ့ပြီ
ကျီးပေါင်းတက် ပင်အိုအောက်မှာ
ခုလို အရွယ်ထောက်လာမှ
ဆယ်ခြောက်နှစ်သားအရဲ့ မုဒ*
တုပလို့ မရတော့ပြီ
သူ့ဘ၀မှာ
ဥပစာယ ရုပ်အသစ်တို့
ဆုတ်နှစ်ယိုယွင်းခဲ့ကြပြီ

*mood

သို့ကလို အတွင်းအားတွေဟာ…
ဘယ်လိုမှ…
တင်းထားလို့ မရတဲ့ အဆုံး
မှောင်ထဲမှာ ပုန်းနေတဲ့
(မရဏကို…)
အရှုံးပေးရမယ်ဆိုရင်တောင်
ဝက်ဝံတစ်ကောင်ရဲ့ ကျင့်ထုံးလို
ဗုန်းကနဲလဲကျသွားတဲ့အထိ
‘ဇာတိ’ကို ချစ်နေမယ့်သူ
အဲဒီလိုလူဟာ…
အဖြူရောင်ဝိညာဉ်ဘ၀နဲ့
ကောင်းကင်ဘုံက
ရောင်စုံအလင်းတန်းကြီးဆီကို
ဦးတည်ရွေ့လျား လွင့်ပြယ်သွားစဉ်
မယားသံယောဇဉ်ကြောင့်
သမင်လည်ပြန် ရင်စို့
‘ဂို့စ်’…ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း
သူသိပ်လွမ်းတယ် ရှင်မရယ်…တဲ့
သည်လူ…ရွာလည်တော့မှာပဲ။

*Ghost

(၁၆)
အပင်ကို သိပ်ချစ်လို့
အမြစ်တွေ ဘယ်လောက်မြွှာမြွှာ
အညှာခိုင် ဘယ်လိုကြီးကြီး
သစ်သီးတစ်လုံးရဲ့
အမှည့်ဆုံး အချိန်ဆိုတာ
ညင်သာစွာ တိုက်တဲ့လေ ကတောင်
ကြွေကျအောင် ခြွေချနိုင်တယ်
သူဝေစုရထားတဲ့ ဘဝ
ခယ၀ယ တဒင်္ဂမှာတော့
မမြင်ရတဲ့လေကို
လေပွေလား…လေပြေလား
လေညင်းလား..လေနုလားလို့
ကြောင့်ကြရှုမှတ် မဥပဒ်ခဲ့
လူ့ဇာတ်ခပ်သိမ်းမသိကိန်းလေ
စိမ်းနုပျိုမျစ် အချစ်သီးကင်း
လေညင်းထဲမှာ ကြွေသူကြွေ
ရွှေအိုရောင် ဇရာပန်းသီး
ကြွေချိန်နီးပေမယ့်
ခါးစည်းတင်းခံ ကျန်သူကျန်
သံသရာမှာ အချစ်ပင်စိုက်မိလို့
ကံကြမ္မာ အလစ်ဝင်တိုက်ရင်လည်း
ရှင်မရယ်… သူကတော့
ဆင်ဗိုက်ကို
ခြင်ကိုက်တာလောက်မဖြုံ…တဲ့။

(၁၇)
အလ၊ လ…အနှစ်၊ နှစ်က
လှပတဲ့ အချစ်များ
ကစဥ့်ကလျား ဖြစ်သွားကြ
‘ကစ်(စ်)မီကွစ်’…ဆိုတဲ့
ဟိုရုပ်ရှင်ကားထဲကလို
အပြေးအလွှားနမ်းကြရ
ပန်းလက်ဆောင်ကို စောင့်ကြိုနေတဲ့
အပျိုမကလေးဟာ
သူ့ချစ်သူရဲ့ နာရေးကြောငြာကို
မမျှော်လင့်ဘဲ ဖတ်လိုက်ရတော့
နှုတ်ခမ်းပြုတ်လု အံကြိတ်
သောကစိတ် အပူခိုးတွေနဲ့
သောက်ရေအိုးက…
ကျွမ်းထိုးကောင်လို ဖြစ်ခဲ့ရ
အချစ်ကို စီမံကိန်းချမှတ်
ဘောဂဗေဒကို သုံးသပ်
လက်ထပ်ရက်ကို နောက်ဆုတ်
စေ့စပ်ကြောင်းလမ်းခြင်း ဖျက်သိမ်းခဲ့ရ
အသက်လို စောင့်ထိန်းခဲ့တဲ့
မိန်းမတို့ ကာယိနြေ္ဒကို
ငွေကြေးနဲ့ လဲလှယ်ခဲ့ကြရ

*kiss me quick

မယ်သီတာရဲ့
သစ္စာအဓိဋ္ဌာန် အသက်နဲ့
မေတ္တာဗိမာန် အရှက်ကို
မီးခွက်မှုတ်ဖို့ စောင့်စားကြ
သားစာ မယားစာအတွက်
ဖားရှာ၊ ငါးရှာထွက်သူ
အသက်သခင် မယ့်ချစ်လင်ရယ်
သစ်ပင်ကြီးအောက်မှာ
ဓနမြွေဆိုးပေါက်တာ ခံခဲ့ရ
နောက်ဆုံးကျတော့…
ဘ၀ခေတ်ပြိုင် အချစ်များဟာ
မဟာစီးပွားရေးရဲ့ ဂူကြီးထဲမှာ
အသက်ရှုပေါက် မွန်းကျပ်
(ကန်စွန်းရွက် တစ်ဖတ်လောက်နဲ့)
တစ်ယောက်ကို တစ်ယောက်
ပြတ်တောက် စိတ်နာ
အ၀ိဇ္ဇာထူပြောခဲ့ကြ
သရောကြီးခိုင်း တောမီးဝိုင်းသတဲ့
အတိုင်းမသိ
ကြောက်ဖွယ်လိလိပါတကား
သူ့ကိုယ်သူ သတိချုပ်ရင်း
‘အဘိဏှသုတ်’ကို ရွတ်ခဲ့တယ်။

မီးတကာထက် အဆရာထောင်
အပမှာ လောင်သာမီးထက် ပိုကြီး
ရင်ထဲက မီးလျှံကို
ဉာဏ်စဉ်နဲ့ ပယ်ဖျောက်နိုင်သူသာ
ရန်သူမရှိ ပကတိသုခ
ဒိဋ္ဌဓမ္မ ခံစားရမယ်
ဘ၀သမ္ပတ္တိ ဂုဏ်ပုဒ်နဲ့
စည်းစိမ်ဥစ္စာအထုပ်ပါမယ်…တဲ့
အဂုင်္တ္ထိုရ်မှာ ဖော်ပြ
ဧကာဒသက နိပါတ်တော်လာ
‘မေတ္တာအကျိုး-ဆယ်တစ်မျိုး’ကို
သူ ရိုးကျိုးစွာ ပွားများရင်း
‘တို့ချစ်ခြင်းကို…
ကွင်းအောင်တစေ၊ နေ့တိုင်းမွှေတဲ့
မအေကြီဝန်တို
မြင်တိုင်းမုန်းစရာ့ ကုန်းမအို
ရေလို ခန်းခြောက်ပါစေသား’…တဲ့
ရှင်ငြိမ်းမယ်ရဲ့ ခံစားချက်
သူ့ရင်ထဲကူးဆက်တောက်လောင်
မီးကို ရှောင်တိမ်းသူဟာ
မီးမငြှိမ်းနိုင်သေးဘူး ရှင်မရယ်။

(၁၉)
လောကီအာရုံအမှုကြောင့်
(ဖြစ်ရတဲ့)
သဒ္ဓါဟုန် သမုဒယနဲ့
ကာမဂုဏ် အညုအဆွဟာ
ပုထုဇန တဏှာလား
လူ့ဘ၀ရဲ့ အစာလား
ဘယ်သူ့မှ ဆရာထားပြီး
နားကြားဖို့ မတွေးအားခဲ့
ဒါလေးများ ရှင်မရယ်
သူ၊ မမြင်ဘဲ ရှိပါ့မလား
သူ၊ မသိဘဲ နေပါ့မလား

ဗုဒ္ဓဘုရားရှင် ရှိစဉ်တုန်းက
နှလုံးသား သွက်သွက်ခါအောင်
တဏှာပိုက်ကွန်မှာ
အငိုက်လွန်ပြီး နစ်ခဲ့သူ
အငင်၊ အရစ်…အဆစ်၊ အထုံး
အဖုံး၊ အလွမ်း…အဖမ်း၊ အအုပ်
အချုပ်အမှောင်ထဲမှာ
တုပ်နှောင်တာ ခံခဲ့ရသူ
‘မဟာနဖူးစမှာ…
နံ့သာလူးသပြီး
ဂရာမြူးကြွခဲ့လို့
တဏှာရူးမလေး ဖြစ်ခဲ့ရသူ’…

အချစ်နဲ့ တည်ဆောက်ထားတဲ့
သားလည်းသေ…လင်လည်းဆုံး
ပရိဒေ၀မီး တဟုန်းဟုန်း
ယူကျုံးမရတဲ့ အလွမ်းနဲ့
လမ်းပေါ်မှာ ရူးသွပ်ရှာသူ
အ၀တ်တန်ဆာတွေ ခွာပစ်
ဗလာဖြစ်လို့ နေခဲ့သူ
‘ပဋာစာရီ…’
ထေရီအပါဒန်ဝတ္ထုဟာ
လူ့ဘ၀ ဂူအမှောင်မှာ
သမုဒယ(ပလူကောင်တွေ)ရဲ့
ပူလောင်ပျက်စီးကြပုံ အကြောင်း
အကောင်းဆုံး သာဓကတစ်ခုပေါ့
အခုတော့…ရှင်မရယ်
မမြင်ရတဲ့ အချစ်ကို
အပြစ်ဆိုဖွဲ့ ဟစ်ငိုမယ့်အစား
ပျားဖွပ်သွားတဲ့ ခြေထောက်
ငြောင့်စူးမှာ မကြောက်နိုင်
တစ်ယောက်ယိုင်ရင်- တစ်ယောက်ထူ
ဟို နေပူထဲမှာ…
ကျုရှင်က ပြန်လာတဲ့သား
ထမင်းဆာနေပြီလားကွယ်…။

(၂၀)
အချစ်နဲ့ အချိန်ဖြုန်းရင်း
ပိန်ချုံးချည့်နဲ့ ယော်ရွက်လို
ဆယ်ကျော်သက်တွေ မကြွေစေရ…
နွေဦးပုရစ် ဖူးစ, သစ်စမှာ
အချစ်သက်သက် အိပ်မက်မူးမူး
စိတ်ကူးဆွံ့ရှား မနားဖျားစေရ…
ပျားရည်နဲ့အက်ဆစ်
မေတ္တာနဲ့သူရာ
ဝေဒနာနဲ့ ပီတိ
သမာဓိနဲ့ ငြိတွယ်ခြင်း
သင်းကွဲနဲ့ အသိုက်အမြုံ
ဂုဏ်သိက္ခာနဲ့ ငွေကြေး
ရွေးချယ်မှု မမှားစေရ…တဲ့
ကြားနေကျ… ပြောနေကျ
တစ်ကျပ်တန်သြ၀ါဒစကား
သူ့သားတောင် အလွတ်ရနေပြီ

‘ပျော်ပျော်နေသေခဲ’ ၀ါဒဟာ
ကာလသုံးပါးရဲ့ အန္တရယ်
အရွယ်သုံးပါးရဲ့ အဖျက်ပိုးပေါ့
အချစ်စွမ်းရည် တိုးတက်ရေးနဲ့
အချစ်ကိုယ်ခံအား ဖွံ့ဖြိုးရေးကို
သွေးသားခန်းခြောက်လို့
ပရမ်းပတာဖြစ်စေနိုင်တယ်
သားတို့အရွယ် မဆိုထားနဲ့
ဟိုအိမ်က-လင်မယားတောင်
တရားရှိသလိုလို
တရားသိသလိုလို ကြံဆ
ကိုယ့်အလိုဆန္ဒနဲ့ကိုယ်
‘ဘ၀ဆိုတာ…
ကာလတိုလေးတစ်ခုပါ…’လို့
ဥပေက္ခာပြုထားမိခဲ့တော့
ကြည့်…
ဘာဖြစ်သွားတယ်ထင်သလဲ…။

(၂၁)
မြင်းကဆုန်စိုင်းသလိုပါ့
နှင်းမုန်တိုင်းတွေ ကျခဲ့
သစ်ပင် သစ်ကိုင်းတွေမှာလဲ
ဆီးနှင်းရေခဲတွေ ဖုံးလို့
ကြက်သွေးရောင် နေလုံးကြီးဝင်ခါစ
ပုလင်းကွဲလို ချွန်မြနေတဲ့
နှင်းခဲအပိုင်းအစ တွေဟာ
ခြေဖ၀ါးကို ထိုးခွဲဖို့
ရိုးရိုးရဲရဲ ပြိုးပြက်
အသက်ရှင်ဖို့ အရေး
မြက်ပင်လေး တစ်ပင်မရှိ
စွတ်ဖားလှည်းမရှိ
ခရီးသွားအဖော် မရှိ
ပကတိဆီးနှင်းပြင်ကြီးထဲမှာ
ဒယီးဒယိုင်နဲ့ လူတစ်ယောက်
သူ၊ လမ်းမလျှောက်နိုင်တော့ဘူး
သောက်စရာ ရေအိုင်မမြင်
နှင်းလွင်ပြင်ကြီးထဲ လဲကျ
သူ့လက်ဖ၀ါးတွေ ကွဲရှလို့
လဲကျလိုက်…ပြန်ထလိုက်
တွားသွားလိုက်…နားနေခိုက်မှာ
… … … … … … … …

မောဟိုက်ဆာလောင်
သေလုအောင် ဝေဒနာနဲ့
ရေရှာနေတဲ့
ဝံပုလွေတစ်ကောင်ဟာ…
လူ့သွေးနံ့ကို ခြေရာခံပြီး လိုက်
သည်နေရာမှာ
နှင်းကန္တရ တိုက်ပွဲစခဲ့ပြီ
ဝံပုလွေကလဲ ကိုက်ခဲထား
လူကလဲ ရှိသမျှအားခွန်သုံးပြီ
ဝံပုလွေရဲ့ နှလုံးသားတည့်တည့်ကို
ဓားချွန်ချွန်နဲ့ အားသွန်စိုက်ချ
အဲဒီတိုက်ပွဲ ခဏမှာ
လူသားက အနိုင်ရလိုက်တယ်
ဒါဟာ- ဘ၀ကိုတွယ်တာမှု
ဘ၀ကို မြတ်နိုးမှု
ဘ၀ကို စုံမက်နှစ်သက်မှု
တက်ကြွဖွယ် သာဓကတစ်ခု
‘ဂျက်လန်ဒန်’ ရေးတဲ့ဝတ္ထုလေ
ခုချိန်အထိ သူစွဲငြိခဲ့
‘ဘ၀’…ဆိုတာ ရှိလို့ပေါ့
‘အချစ်’…ဆိုတာ ရှိလို့ပေါ့
‘မျှော်လင့်ချက်’…ဆိုတာကော
ပြောဖို့လိုသေးလား ရှင်မရယ်။

(၂၂)
‘အချစ်…ဆိုတဲ့ အဖော်ဟာ
ပျော်စရာ တစ်ခုဆိုရင်
လူ့ဘ၀ဆိုတာ
နေရဉ္စရာ မြစ်ပေါ့…
အချစ်…ဆိုတဲ့ အလုပ်ကို
ဝန်ထုပ်ဝန်ပိုးတစ်ခုလို
အမှုပိုခဲ့ရင်
လူ့ဘ၀ဆိုတာဟာ
ဆိုမာလီယာ ၀ဋ်ကြွေး’…တဲ့
အိုင်ဆေး…ဒါဟာ
သူ တွေးခေါ်ထားတဲ့ အဘိဓမ္မာ
သူ ရှာဖွေထားတဲ့ အသိ
သူ တွေ့ရှိထားတဲ့ တရားပေါ့
သူ့ မယားကတော့
သူ့ တရားကို အဖက်မလုပ်
အချက်အပြုတ်
လက်တလှုပ်လှုပ်နဲ့
စက်ချုပ်ပြီး ၀င်ငွေရှာ…
… … …
ဝေဒနာအမောကို
ဧကစာမနောနဲ့ စေ့စေ့ရှာလို့

သူ့မှာတော့…
သံသရာ ပလူတစ်ကောင်အဖြစ်
ပူခြစ်လောင်မြိုက် မီးရောင်ကြိုက်သူ
အမြိုက်တရား အလိုက်မှားသူ
စိတ်အနားငြိမ်ရန်
အိပ်စားချိန် မမှန်သေးသူ
ဂျပန်ပြေးပြီး
ပန်ကန်ဆေးရမလား
ဖာကန့်ကို အရောက်ကူးလို့
ကျောက်တူးဖို့ သွားရမလား
စိတ်ကူးနဲ့တောင် အားမကျသူ
သူ့တရားဓမ္မ သက်သေခိုင်အောင်
လက်ဖက်ရည်ဆိုင်မှာ
ထိုင်ပြီးတွေးနေသူ…။

(၂၃)
ထိုသူကား
ဖကစားရာမှာ…ကျား
အပျော်အပါးမှာ…ဂျင်
ဇာဘုရင်ကို
နာနာကျင်ကျင် မုန်းသလို
ဆန့်ကျင်ဘက်လိင်ကို
အချိန်နဲ့အမျှ ချစ်နေသူ
ချစ်ကေသီကို
ယစ်ရွှေရည်လို မြတ်နိုးသူ
၁၉-ရာစုရဲ့ မဟာဂန္ထ၀င်
‘အလက်ဇန္ဒာ ပုသျှကင်’…တဲ့
အနုပညာမှာ အလင်္ကာမြောက်သလို
သူ့ရင်ခွင်မှာ
အကြင်နာ ဘယ်လောက်ရှိခဲ့သလဲ
‘၁၁၃-ယောက်မြောက်’…
နောက်ဆုံးအချစ် (သူမဟာ)
မူလတုန်းကတော့
ရိုးရိုးအအနဲ့
မျိုးရိုးလှပတဲ့သူပါ
သူမနာမည်‘နာတာလီ’…ပါ

ပုသျှကင်နဲ့ ရည်ငံပြီးကာမှ
အချစ်မီးပုံ အတူလှုံပြီးကာမှ
ချစ်မီးလောင်စာ မရှောင်သာသူ
ဆောင်ကြာမြိုင်တွင်း ချစ်ဇာတ်ခင်းသူ
ချစ်ပြတင်းဖွင့် လက်ကမ်းလင့်သူ
ကစဉ်ကလျား စိတ်လွင့်ပါးသူ
ခံစားမှုသက်သက် အိမ်ထောင်ရေးမှာ
မျောက်မွေးတဲ့ဇာတ်လမ်း
ဘာဆန်းသလဲ ရှင်မရယ်…
ပြင်မရတဲ့ ဇာတ်အရှုပ်ကြောင့်
ပုသျှကင်ရဲ့ဇာတ်ထုပ်မှာ
ကြာသမားနဲ့ သတ်ပုတ်ခဲ့ရ
ဓားချင်းယှဉ်ပြီး ခုတ်ခဲ့ရ
သေနတ်ချင်း ယှဉ်ပစ်လို့
ဘ၀မှာ အဖြစ်ဆိုးခဲ့ရ
အဖိုးတန် ရာဇ၀င်မှာ
‘ချစ်ကံခေသူပုသျှကင် ’…လို့
သို့ကလို စာတင်ခံခဲ့ရ

တကယ့်လို့သာ
နာတာလီကို
အသာတကြည် စွန့်ပစ်ခဲ့ရင်
ပုသျှကင်ရဲ့ သက္ကရာဇ်
တစ်မျိုးတစ်ဖုံ ဖြစ်နိုင်တယ်
အချစ်…ဆိုတဲ့ နာမ်တရားဟာ
(ကိုယ်တိုင်ခံစားကြည့်ဖို့…)
အဓိက မဟုတ်
နောက်ဆုတ်ပြီး အသာကြည့်
အချစ်ရဲ့ မာယာကို သိသတဲ့
(စာထဲမှာ ရှိတာပါ…)
တကယ်တော့ မုဒိတာစိတ်ဆိုတာ
ရင်ထဲမှာ…
တိတ်ဆိတ်စွာ ပျူငှာတတ်ပေမယ့်
ဗဟိဒ္ဓ အမူအယာမှာတော့
သူသာ…ပုသျှကင်ဆိုရင်လဲ
ခန္တီပါရမီရှင် အစစ်
သူ…ဖြစ်ဖို့မလွယ်တာ
သိပ် သေချာတယ် ရှင်မရယ်။

No comments:

Post a Comment