" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Sunday, November 6, 2011

တောင်းတဲ့ဆု

ဘာသာတိုင်း ဘာသာတိုင်းမှာ ဆုတောင်းသည့် ထုံးတမ်းစဉ်လာရှိကြ၏။ အခြားဘာသာဝင်တို့ ဆုတောင်းပုံကို စာရေးသူ မတင်ပြလိုပါ။ ဆုတောင်းသည်ဆိုရာ၌ ချစ်သူတို့နှစ်ဦး ဆုံဆည်းကြဖို့ ဆုတောင်းတာမျိုးလည်း ရှိနိုင်ပါ၏။ လူအကြိုက်အမျိုးမျိုးရှိသည့်အတွက် ဆုတောင်းအမျိုးမျိုးရှိနိုင်ပါသည်။ ဤနေရာမှာ မိမိလေ့လာမိသည့် ဗုဒ္ဓဘာသာဝင်တို့ ဆုတောင်းပုံများကို မှတ်သားမိသမျှတင်ပြပါမည်။ ဗုဒ္ဓဘာသာဝင်တို့ ဆုတောင်းကြသည်မှာ ကလေးက မိဘများအား ပူဆာပြီး မုန့်ဖိုး တောင်းသည့်နှယ် တောင်းကြတာမျိုးတော့ မဟုတ်ပါ။ မိမိတို့ကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်စွာ ဆောက်တည်လျှက် အလှူဒါန ပြုကြပြီး ဥာဏ်နှင့်ယှဉ်ကာ မိမိတို့နှစ်သက်သည့် ဆုများကို တောင်းကြသည်ကို တွေ့ရပါသည်။

မြန်မာလူမျိုးတို့ ထေရဝါဒ ဗုဒ္ဓဘာသာပီပြင်စွာ ဖြစ်ပေါ်လာသည့် ပုဂံခောတ်ဆုတောင်းများကို ကြည့်လျှင် ဆုတောင်းပုံအမျိုးမျိုးတွေ့နိုင်ပါသည်။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းက ပုံဂံဆုတောင်းများကို ပုံများနှင့်တကွ ရေးသားဖော်ပြခဲ့၏။ ဆရာကြီး၏ ဆောင်းပါး၌ ရှေးမြန်မာစာအတိုင်းရေးထားသည့်အတွက် ဆုတောင်းပုံနှင့် ဆက်စပ်သည့် စာအရေးသားအားလုံးကို စာရေးသူအနေဖြင့် အပြည့်အစုံနားမလည်ပါ။ ဥပမာ ဆိုပါစို့။ (၂၆) စလင်းမင်း အနန္တသူ (ပုံ ၃၀၄ ဇန်နဝါရီ ၁၂၄၉) ကျောင်းဆောက်ပြီး တောင်တွင်းမင်းကြီးရဲ့ ခွင့်ပြုချက်နဲ့ မြေလှူတဲ့အခါ " နေရပန် ဆုလိုဝ်သဘေ" လို့ပဲ ဆုတောင်းပါတယ်တဲ့။ ဆိုလိုသည်မှာ နိဗ္ဗာန်ဆုကို တောင်းဆုယူခြင်းဖြစ်ပါသည်။

(၂၇) ကျန်ရပ် ငါလှသင်မောင်နှံ (ပုံ ၁၆၀ ခ၊ ၁၄ နိုဝင်ဘာ ၁၂၄၇) ကျောင်းဘုရားမှာ ကျွန်လှူပြီး " သင်္သရာကျွန် အဖ္လစ်မှ လွတ်လိုဝ်သတေ" လို့ ဆုတောင်းခဲ့ပါတယ်။ ဆိုလိုတာကတော့ သံသရာမှာ ကျွန်အဖြစ်မှ လွတ်မြောက်ရပါလို၏ ဟုဆိုလိုပါသည်။ ထို့ကြောင့် ပုဂံခောတ်ဆုတောင်းများထဲမှ မိမိနားလည်သည့် မှတ်သားဖွယ်ရာလောက်ကိုသာ တင်ပြချင်ပါသေး၏။ ဇေယမိကြံမောင်နှံ ကတော့ ကျောင်းဘုရားမှာ ကျွန်လယ်ဥယျာဉ် ကွမ်းအုန်းလှူပြီး ဘုရားဆုတောင်းကြသည်။

ပြည်ခွင်မယား မင်းသမီး မြေးကတော့ ဆုလေးမျိုးတောင်းတာတွေ့ရ၏။ ပထမဆုကတော့ သူမဟာ အမျိုးသမီးဖြစ်သော်လည်း ဘုရားဖြစ်ဖို့ဆုတောင်း၏။ ဒုတိယဆုကတော့ သံသရာကျင်လည်ရသည့်အခါ ဘယ်အခါမဆို လိုချင်တာရပြီး မဆင်းမရဲနေလို၏။ တတိယဆုကတော့ မိန်းမဖြစ်ရသည့်အခါတိုင်း ဘဝတိုင်းမှာ ရုပ်ရည်အဆင်းလှရပါလို၏။ စတုတ္ထဆုကတော့ ငါ့သားငါ့မြေးတွေဟာ ဘဝအဆက်ဆက် ငါ့သားငါ့မြေးအဖြစ်နဲ့ ပြန်ဆုံပြီး ငယ်ငယ်မှာ မသေဘဲ ငါနှင့်ငါ့သားမြေးတွေဟာ အသက်အတိုင်း နေချင်ပါ၏တဲ့။ တော်တော်ထူးသည့် ဆုတောင်းပင်တည်း။

အိုင်ရောက်သင်ကတော့ ကျောင်းမှာ ထန်း၊ ကျွန်၊ ကျွဲနွားလှူပြီးတော့ "အကျွန်ုပ်ဟာ သေချာတယ်ဆိုတဲ့ သဘောနဲ့ ဆုမတောင်းပါ၊ ဒါပေမယ့် ငါနဲ့ အကျိုးထပ်တူရကြပါစေလို့ အမျှဝေပါတယ်။" ပြီးတော့ ဒီအမျှဝေစာထဲမှာ အရိမေတ္တေယျဘုရားပွင့်တဲ့အခါ ဓမ္မစကြာတရားနာရပြီး နိဗ္ဗာန်ရောက်လိုတယ်တဲ့။စိုးမင်းကြာသဝတ် ဇနီးမောင်နှံကတော့ စူးလစ်မွန်းချွန် အထွဋ်တတ်ကျောင်း၊ စာသင်တိုက်၊ဇရပ်၊သိမ်၊ ပိဋက၊ တရားပလ္လင်နှင့် လယ်ယာ ကျွန်များလှူဒါန်းပြီး ဆုတောင်းအမျှဝေ၏။ ဆုတောင်းပုံမှာတော့ "လူဖြစ်တဲ့အခါ စကြဝတေးမန္ဓာတ်မင်းဖြစ်ချင်တယ်၊ နတ်ဖြစ်ရင်လည်း တုသိတာနတ်ပြည်မှာ ဖြစ်ချင်တယ်၊ ပြီးမှ မေတ္တေယျဘုရားပွင့်တော့ လောဘဒေါသမောဟ ကင်းတဲ့နိဗ္ဗာန်ကို ရောက်ချင်တယ်လို့ဆိုပါတယ်။"တဲ့။

သိင်္ဃသူသမီးကတော့ အကျယ်တဝင့်သူ့ဆုတောင်းကို ဖော်ပြ၏။ ငါလေ ရမ္မက်ကြီးသူ၊ မရောင့်ရဲတတ်သောသူ၊ အမျက်ကြီးသောသူ၊ သူတစ်ပါးကို ညှင်းဆဲတတ်သောသူ၊ ပညာမရှိ မိုက်မဲသောသူ၊ သစ္စာမဲ့သောသူ မဖြစ်ဘဲ ရောင်ရဲလွယ်သူ၊ အမျက်နည်းသူ၊ သနားကျင်နာတတ်သူ၊ ကြောင်းကျိုးမြင်သိ ပညာရှိသူ၊ ဝန်တိုမှုကင်းသူ သစ္စာတည်သူ ဖြစ်ရပါလို၏ စသည်ဖြင့် ဆုတောင်းသည်။ဤကား ပုဂံခောတ်မှ ဆုတောင်းပုံအချို့ဖြစ်ပါသည်။

ဆက်လက်ပြီး ကဏှဇာတ်တော်လာသည့် ဘုရားလောင်း ကဏှရသေ့၏ ဆုတောင်း ၆ မျိုးနှင့် အကိတ္တိဇာတ်တော်လာ ဘုရားလောင်း အကိတ္တိ ရှင်ရသေ့တို့၏ ဆုတောင်းပုံများသည်လည်း ဗုဒ္ဓဘာသာဝင်တို့အဖို့ အလွန်စိတ်ဝင်စားစရာ ကောင်းလှသောကြောင့်တင်ပြချင်သေး၏။ ကဏှရှင်ရသေ့က အလွန်ပင် အသားမဲလှသော်လည်း သူ၏နှလုံးသားတို့ကား သီလသမာဓိပညာ အနှစ်သာရများကိန်းအောင်းနေသဖြင့် ရွှေရောင်လွှမ်းသောနှလုံးသားပိုင်ရှင်ဟု ဆိုရမည်ဖြစ်၏။ သူ၏ ယင်းမွန်မြတ်လှသော ဂုဏ်ရည်များကို နှစ်သက်သဖြင့် သိကြားမင်းက ကြိုက်သည့်ဆုများကို တောင်းပါဟု ကမ်းလှမ်းလာသောအခါ ဘုရားလောင်း ကဏှရသေ့က အောက်ပါအတိုင်းဆုတောင်းလေသည်။

(၁) မည်သူ့ကိုမျှ အမျက်ကောဓ မဖြစ်ပါရစေနဲ့။

အမဲရိုး ငါးရိုးစသည် အရိုးမျက်လျှင် စားလို့ မဖြာင့်၊ ဆူးမျက်လျှင် သွားလို့ မဖြောင့်ပေ။ အလားတူပင် အမျက်ကောဓသည် တဖြည်းဖြည်းဖွဲမီးကဲ့သို့ အတွင်းအဇ္ဈတ္တသန္တာန်၌ တနွေးနွေးမြှိုက်၍ လောင်တတ်၏။ မကျေနပ်ချက် အမျက်ကောဓများကြောင့် တွေးလေ ဆွေးလေ၊ ဆွေးလေ ပူလေ သဘောမျိုးဆောင်လာ၏။ မကျေနပ်ချက်လေးများကြောင့် တဖြည်းဖြည်း မိသားစုရန်ပွဲမှသည် ကမ္ဘာ့စစ်ပွဲကြီးတွေအထိ ဖြစ်ပွားလာနိုင်၏။ တစ်ယောက်နှင့်တစ်ယောက် အညိုးအတေးများရှေ့တန်းတင်လာသောအခါ အိုးခင်းပူမှာ အမဲတစ်သားတစ်များ ကပ်ညိသလို တစ်ဦးနှင့်တစ်ဦးညိကြတော့၏။ ထိုမှတဆင့်မလိုလားအပ်သောအကျိုးဆက်များဖြစ်လာ၏။ ထို့ကြောင့်ပင် မည်သူကိုမျှ အမျက်ကောဓ မဖြစ်ပါရစေနဲ့ဟု ဘုရားလောင်း ကဏှရသေ့က ပထမဆု အနေဖြင့် သိကြားမင်းထံတောင်းလေ၏။

(၂) မည်သူကိုမျှ ဒေါသလောင်မီး မဖြစ်ပါရစေနဲ့။

အမျက်ကောဓ အဆင့်မှ တစ်ဆင့်တက်လာလျှင် ဒေါသအဆင့်ကား ပို၍ပင်ဆိုးသေး၏။ တုတ် ဓား လက်နက် ကိုင်ဆောင်ပြီး ညှင်းဆဲသတ်ဖြတ်တတ်ကြ၏။ ကောက်ရိုးမီးကဲ့သို့ ဒေါသမီး တဟုန်းဟုန်းတောက်လောင်ခြင်းကြောင့် လူမှုဆက်ဆံရေးနယ်ပယ်မှာပင် ဆူးငြောင့်ခလုတ်များ သဖွယ်ဖြစ်လာကာ ဆက်ဆံရေး မပြေပြစ်နိုင်ကြတော့ပေ။ တစ်ဦးနှင့်တစ်ဦး မေတ္တာပျက်လာတော့၏။ ဤကမ္ဘာကြီးမှာ ဗုဒ္ဓဘာသာဝင်တို့ လိုက်နာကျင့်သုံးရမည့် ငါးပါးသီလ၌ ပါဝင်သော ဒေါသအကြောင်းရင်းခံ "သူတစ်ပါးအသက်ကို မသတ်ရ" ဟူသော စည်းကမ်းပညတ်ချက်ကို ကမ္ဘာသူကမ္ဘာသားအားလုံး လိုက်နာပါလျှင် ကမ္ဘာ့စစ်ပွဲများ စစ်၏အနိဌာရုံဆိုးကျိုးများ မဖြစ်လာသလို ရာဇဝတ်မှုခင်းများလည်း ကျဆင်းလျော့ပါးသွားပါလိမ့်မည်။ ထို့ကြောင့်ဒေါသလောင်မီးသည် မိမိသူတစ်ပါး နှစ်ဦးသားကို လောင်မြိုက်ခံရပါက အကောင်းအဆိုး အကြောင်းအကျိုးပင် ခွဲခြားသိမြင်နိုင်ဖို့ခက်ခဲလှပါသည်။ "ဒေါသလွန်ထွက် အလှပျက်၊ မထွက်ဒေါသာ ရုပ်ချောမှာ" ဆိုသကဲ့သို့ ဒေါသအလွန်ထွက်လျှင် အလွန်အရုပ်ဆိုးအကျည်းတန်လှပါသည်။ ဘုရားလောင်းရသေ့သည် မိမိသူတစ်ပါး အရုပ်ဆိုး အကျည်းတန်စေသော ဒေါသလောင်မီးမျိုး သူ့သန္တာန်မှာ ဘယ်သောအခါမှ မဖြစ်ပါရစေနဲ့ဟု ဒုတိယဆု တောင်းခဲ့လေသည်။

(၃) အလိုကြီးသည့် လောဘ (ဝိသမ လောဘ) မဖြစ်ပါရစေနဲ့။

လောကကြီးကတော့ အမြဲတန်းလိုနေ၏။ မြစ်ချောင်းအင်းအိုင် ရေကန်များမှ ရေများ ပင်လယ်အတွင်းစီးဆင်းနေသော်လည်း ပင်လယ်သမုဒ္ဒရာကြီး ပြည့်သွားသည်မရှိ အမြဲတန်းလိုနေသလို လောကလူသားများလည်း အမြဲတန်းလိုနေ၏။ လောကကြီးမှာ ပုထုဇဉ်အလျှောက် လောဘမပယ်သတ်သေးနိုင်သော်လည်း ဝိသမလောဘမျိုးတော့မရှိသင့်။ ဝိသမလောဘသမားများသည် ကိုယ့်ကျိုးစီးပွားအတွက် "ဘယ်သူသေသေ ငတေမာပြီးရော့" ဟု သဘောထားပြီး "ဘနဖူးသိုက်တူးချင်သူတွေသာ" ဖြစ်၏။ ဝိသမလောဘသမားတို့သည် ငွေဟာ အရာရာအဆုံးဖြတ်ပေးသည်ဟု တရားသေယူဆကာ ငွေကို ဘယ်လိုနည်းမျိုးနဲ့ဖြစ်စေ အသဲသန်အလုယက် ရှာဖွေကြကုန်၏။

ငွေရှာရင်းရှာရင်း ငွေတွင်းနက်လာလေလေ သဲကြီးမဲကြီးရှာကြလေလေဖြစ်၏။ တစ်ခါတလေ အသက်စွန့်၍ပင် မတရာနည်းများဖြင့် ရှာကြကုန်၏။ "ငါးစာကိုသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်မိကြသော" ဝိသမလောဘသမားများသည် ဒုစရိုက်မျိုးစုံလုပ်ကာ "ကိုယ့်သေတွင်းကို ကိုယ်တူးနေသူများပင်" ဖြစ်သွားကြကုန်၏။ တစ်ခါတရံ ဝိသမလောဘသမားများသည် လူကုန်ကူးခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း စသည့် ဒုစရိုက်လုပ်ငန်းများဖြင့် ငွေကြေးအများအပြား သောက်သောက်လဲ လွယ်လွယ်ကူကူနဲ့ ရနေကြသောကြောင့် အကျိုးဆက်အနေအားဖြင့် လူနှင့်ငွေကြေးတို့၏ ဆက်ဆံရေးချိန်ခွန်လျှာပျက်ယွင်းလာကာ လူအဖွဲ့အစည်းတွင်းမှာလည်း ဆင်းရဲချမ်းသာ အဆမတန်ကွာဟ လာ၏။

ထို့ကြောင့် စည်းပွားရှာရာ၌ မျှတသောစိတ်ထားရှိဖို့လိုအပ်၏။ "ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ" မိမိသူတစ်ပါး အကျိုး၊ မြို့ရွာအကျိုး တိုင်းပြည်နှင့်လူမျိုး အတွက် ဦးတည်ချက်မျိုးဖြင့် စီးပွားရှာသင့်၏။ လူအဖွဲ့အစည်းတစ်ရပ် ငြိမ်းချမ်းသာယာဖို့အတွက် လိုအပ်ချက်တစ်ရပ်မှာ မျှတသည့်ဓနခွဲဝေမှုပင်ဖြစ်၏။ ဝိသမလောဘ မျက်လုံးဖြင့် ငို့ဘချည်းစီးပွားရှာပါက လူ့အဖွဲ့စည်းမှာ အကျင့်ပျက်ချစားတာများလာပြီး တိုင်းပြည်နှင့်လူမျိုးတို့အဖို့လည်း အလွန်ဆင်းရဲတွင်းနက်လာကာ မလိုလားအပ်သည့်ဆိုးကျိုးများသာ ဖြစ်ပေါ်လာနိုင်၏။ ဝိသမလောဘသမားတို့၏ သွားရာလမ်းသည် ပန်းခင်းသောလမ်းမဟုတ် ဆူးခင်းသောလမ်းသာတည်း။ ထို့ကြောင့်ပင် ကဏှရှင့်ရသေ့က တတိယဆုအနေနဲ့ အလိုကြီးသည့် လောဘ (ဝိသမ လောဘ) မဖြစ်ပါရစေနဲ့ ဟု ဆုတောင်းခဲ့ခြင်းဖြစ်၏။

(၄) ဘယ်သူ့ကိုမှ သိနေဟအချစ်မျိုးနဲ့ မချစ်ပါရစေနဲ့။

ပိယတော ဇာယတေ သောကော- အချစ်ကြီးလေလေ သောကများရလေလေဖြစ်၏။ သေတာပန် ဝိသာခါကျောင်းအမကြီးပင် ချစ်လှစွာသော မြေးမလေးတစ်ယောက်ကွယ်လွန်သောအခါ ၇ ရက်တိုင်အောင် စိုးရိမ်သောကရောက်ကာ ငိုကြွေးခဲ့ရ၏။ ဝိသာခါကျောင်းအကြီးမှာ သားသမီး အယောက်၂၀၊ မြေး ၄၀၀၊ မြစ် ၈၀၀ ရှိသဖြင့် တစ်ယောက်သေလို့ ၇ ရက်တိုင်တိုင် ငိုကြွေးနေရမည်ဆိုပါလျှင် နှစ်ပေါင်း ၂၃နှစ်နှင့် နှစ်လကျော်ကျော်ငိုရပေလိမ့်မည်။ ငို၍ မဆုံးမနိုင်အောင် ဖြစ်ပေလိမ့်မည်။ ကမ္ဘာတစ်လွှား နေ့စဉ်လူပေါင်းများစွာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနေကြ၏။ မိမိတို့၏ တကယ်ချစ်ရသူများမဟုတ်သောကြောင့် သိပ်ပြီးစိုးရိမ်ပူဆွေး ငိုကြွေးစရာအကြောင်းမရှိ။ မိမိတို့၏ ချစ်ရသော သားသမီး မိဘဆွေမျိုးသားချင်းများ ကွန်လွယ်ပါက စိုးရိမ်ပူဆွေး ငိုကြွေးကြရ၏။ ဤသည်မှာ သိနေဟအချစ်ကြောင့် သောကရောက်ကြရခြင်းဖြစ်၏။ ထိုကဲ့သို့သော တရားသဘောကို သိမြင်သော ဘုရားလောင်း ကဏှရသေ့က စတုတ္ထအနေဖြင့် ဘယ်သူ့ကိုမှ သိနေဟအချစ်မျိုးနဲ့ မချစ်ပါရစေနဲ့ ဟု ဆုတောင်းခဲ့၏။

(အကျဉ်းဆောင်ပုဒ်။ ဤသို့ပြုရ၊ မြတ်ပုညကြောင့်၊ ဘဝထိုထို၊ နောက်အဟိုဝယ်၊ အမျက်ကောဓ၊ ဒေါသလောင်မီး၊ လိုကြီးလောဘ၊ သိနေဟချစ်၊ မချစ်လျှင် မုန်း၊ အလုံးစုံသော ကိလေသာ အပြစ်တို့၊ ဘယ်သောအခါမှ၊ မဖြစ်ပါရစေနဲ့။)။

(၅) အနာရောဂါကင်းစွာကျန်းမာစွာဖြင့် သာသနာပြုနိုင်ပါရစေ။

အာရောဂျာ ပရမာ လာဘာ-ဆိုသည့်အတိုင်း ကျန်းမာခြင်းသည် တကယ့် လာဘ်ကောင်းလာဘ်မြတ်ပင်ဖြစ်၏။ ကျန်းမာရေး မကောင်းပါက မိမိလုပ်ချင်သည့် လောကီလောကုတ္တရာကြီးပွားရေး တွင်ကျယ်စွာ မလုပ်နိုင်ပေ။ တကယ့်ကျန်းမာရေး ယိုယွင်းလာပါက မိမိပိုင်ဆိုင်ထားသည့် စီးပွားဥစ္စာများလည်း ဘာမှမတတ်နိုင်။ တိုင်းပြည်ရှိ လူသားအားလုံး ကျန်းမာပျော်ရွှင်ပါမှ မိမိတို့၏ လုပ်ငန်းဆောင်တာများ ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်၏။ တောမှီရဟန်းတို့သည်ပင် တစ်ယောက်တည်းနေရသည့်အတွက် ကျန်းမာပါမှ အကျင့်သိက္ခာပေါက်ရောက်စွာ အားထုတ်နိုင်၏။ မကျန်းမာပါက ပြုစုစောင့်ရှောက်သူမရှိသဖြင့် အကျင့်သိက္ခာများ ကောင်းစွာအားထုတ်ဖို့မလွယ်ကူလှပေ။ ထို့ကြောင့်ပင် ကဏှရသေ့က ငါးခုမြောက်ဆုအနေဖြင့် အနာရောဂါကင်းကွာ ကျန်းမာစွာဖြင့် သာသနာပြုနိုင်ပါရစေ ဟု ဆုတောင်းခဲ့၏။

(ဆောင်ပုဒ်။ ဤသို့ပြုရ၊ မြတ်ပုညကြောင့်၊ ဘဝထိုထို၊ နောက်အဟိုဝယ်၊ တစ်ကိုယ်ထီးတည်း၊ တောရပ်မှီးကာ၊ အနာကင်းကွာ၊ ကျန်းမာစွာဖြင့်၊ သုံးရပ်သိက္ခာ၊ သာသနာ၊ ကောင်းစွာ အားထုတ်နိုင်ရပါလို၏။)။

(၆) မိမိကြောင့် သူတစ်ပါး ဆင်းရဲဒုက္ခ မရောက်ပါရစေနဲ့။

ယနေ့ကမ္ဘာကြီးမှာ လူအချင်းချင်း မတရား နှိပ်စက် ညှင်းပန်းမှုတွေ အနိုင်ကျင့်မှုတွေ မတရားအကျဉ်းချခံရမှုတွေ ကမ္ဘာအနှံ့မှာ ပေါ်ပေါက်နေတာကို တွေ့ကြရ ကြားသိကြရ၏။ သီတင်းတွေမှာ မကြာခဏဆိုသလို အိမ်ဖော်မကလေးများ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ ညှင်းပန်းနှိပ်စက်ခံရ၊ သတ်ဖြတ်ခံရသည့်သီတင်းများ ဖတ်ရှု့ နားထောင်ခဲ့ရဖူး၏။ ထိုအပြုမူများသည် သာမန်လူတို့ စိတ်ကူးမျှပင် မကူးရက်သည့် ရက်စက်စော်ကားမှု၊ ရမ်းကားဗိုလ်ကျမှု အနိုင်ကျင့်မှုများ လူမဆန်သည့် အပြုအမူများပင်ဖြစ်၏။ မိမိတို့ နွေးထွေးစွာအိပ်စက်နေရချိန်မှာ ထိုကဲ့သို့ ကမ္ဘာအနှံ့မှာ နှိပ်စက်ညှင်းပန်းခံရသူတွေ၊ ဗိုလ်ကျ အနိုင်ကျင့်ခံရသူတွေ၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ရောက်နေသူတွေ ဘယ်လောက်ရှိမလဲဆိုတာ တွေးကြည့်လျှင် ရင်လေးစရာ စိတ်ထိခိုက်စရာ ကြေကွဲစရာကောင်းလှပါ၏။

သို့သော် ဘုရားလောင်းတို့သည် အများစိတ်ချမ်းသာမည်ဆိုပါက မိမိ၏ အသက်ကိုပင် စွန့်ရန်ဝန်မလေးကြပေ။ ရနံ့ကြိုင်ထူး စန္ဒကူးသည် မီးရှို့လာသူထိုသူကို မီးလောင်ကျွမ်းမှု မကုန်ဆုံးသေးသမျှ မွှေးရနံ့ဖြင့် စောင့်ရှောက်သကဲ့သို့လည်းကောင်း၊ အရိပ်ရသစ်ပင်သည် ခုတ်လှဲလာသူ ထိုသည့်သူကို မလဲမချင်း သူ၏အရိပ်ဖြင့် အေးမြမှု ပေးနေသကဲ့သို့လည်းကောင်း၊ သူတော်ကောင်းတို့သည် မသေမချင်း လူသားတို့၏ ကောင်းကျိုးတွေကိုသာ ဆောင်ရွက်၏။ သူတစ်ပါးချမ်းသာအောင်သာ ပြုလုပ်ကြ၏။ ဘယ်သောအခါမှ မိမိကြောင့် သူတစ်ပါးတို့ ကိုယ်စိတ်နှစ်ပါး ဆင်းရဲအောင် မလုပ်ကြပေ။ ထို့ကြောင့်ပင် ဘုရားလောင်း ကဏှရသေ့ကလည်း နောက်ဆုံးခြောက်ခု မြောက်ဆုအဖြစ် မိမိကြောင့် သူတစ်ပါး ဆင်းရဲဒုက္ခ မရောက်ပါရစေနဲ့ ဟု ဆုတောင်းတော်မူခဲ့ခြင်းဖြစ်ပါသည်။

(ဆောင်ပုဒ်။ ဤသို့ပြုရ၊ မြတ်ပုညကြောင့်၊ ဘဝထိုထို၊ နောက်အဟိုဝယ်၊ ငါ့ကိုယ်ကြောင့်သာ၊ သူတို့မှာလျှင်၊ နှစ်ဖြာကိုယ်စိတ်၊ တစိတ်စိတ်မှ၊ ဆင်းရဲဒုက္ခ မရောက်ကြပါစေနဲ့။)။

ဤနည်းတူပင် ဒီပဲယင်း(တတိယ) ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးကလည်း ပရမတ္ထစက္ခုဒီပနီကျမ်း၌ ဆုတောင်းဂါထာများဖြင့် ရေးသားဆုတောင်းသွား၏။

(၁) ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆိတံ ပရော၊

နာညဿ ဒုက္ခမိစ္ဆေယျံ၊ မာ မေ ဒုက္ခံ ဣစ္ဆိတံ ပရော။

အဟံ-ငါသည်၊ ပရေသံ-သူတစ်ပါးတို့၏၊ ဟိတံ-အကျိုးစီးပွားကို၊ ဣစ္ဆေယျံ- လိုလားနှစ်သက်ရပါလို၏။ ပရောစ-သူတစ်ပါးကလည်း၊ မေ-ငါ၏ ၊ ဟိတံ-အကျိုးစီးပွားကို၊ ဣစ္ဆိတံ- လိုလားနှစ်သက်ကြပါစေကုန်သတည်း။ အဟံ-ငါသည်၊ အညဿ- သူတစ်ပါး၏ ၊ ဒုက္ခံ- ဆင်းရဲဒုက္ခဖြစ်ခြင်းကို၊ န ဣစ္ဆေယျံ- မလိုလား မနှစ်လို။ ပရောစ- သူတစ်ပါးသည်လည်း၊ မေ-ငါ၏ ၊ ဒုက္ခံ- ဆင်းရဲဒုက္ခဖြစ်ခြင်းကို၊ မာ ဣစ္ဆိတံ- မလိုလား မနှစ်ကြပါစေကုန်သတည်း။

(၂) န ဟိံသေယျံ ပရံ ပါဏံ၊ မာ မံ ဝိဟေသတံ ပရော၊

န စ ဘဝေ အဟံ ဝေရီ၊ မာ ဝေရီ ဟောတု မေ ပရော။

အဟံ-ငါသည်၊ ပရံ ပါဏံ- တစ်ပါးသောသတ္တဝါကို၊ န ဟိံသေယျံ- မညှင်းဆဲ မနှိပ်စက်ပါရစေလို။

ပရောစ- သူတစ်ပါးကလည်း၊ မံ-ငါ့ကို၊ မာဝိဟေသတံ- မညှင်းဆဲ မနှိပ်စက်ဘဲ ရှိကြပါကုန်သတည်း။

အဟံ-ငါသည်၊ ပရေသံ-သူတစ်ပါးတို့၏ ၊ ဝေရီ-ရန်သူသည်၊ နစ ဘဝေ-မဖြစ်ပါရစေလို၊

ပရောစ- သူတစ်ပါးကလည်း၊ မေ-ငါ၏ ၊ ဝေရီ-ရန်သူသည်၊ မာ ဟောတု-မဖြစ်ပါစေကုန်သတည်း။

(၃) ကုမ္မဂ္ဂဉ္စ ဝိဝဇ္ဇေတွာ၊ သုမဂ္ဂံ ယန္တု ပါဏိနော၊

ဝင်္ကဉ္စာဟံ ဝိဝဇ္ဇေတွာ၊ ဥဇုံ သုမဂ္ဂဝေါ ဘဝေ။

ပါဏိနော-များလှသောင်းသောင်း သတ္တဝါအပေါင်းတို့သည်၊

ကုမ္မဂ္ဂဉ္စ- လမ်းဆိုးလမ်းယုတ်ကိုလည်းကောင်း၊ ဝင်္ကဉ္စ- လမ်းကောက်လမ်းညစ်ကိုလည်းကောင်း၊

ဝိဝဇ္ဇေတွာ- ရှောင်ကွင်းဖယ်ကြဉ်နိုင်ကြကုန်၍ ၊ သုမဂ္ဂံ- ကောင်းသောလမ်းခရီးကို၊ ဥဇုံ-ဖြောင့်ဖြောင့်၊

ယန္တု- လိုက်သွားနိုင်ကြပါစေကုန်သတည်း။

အဟဉ္စ- ငါသည်လည်း၊ ကုမ္မဂ္ဂဉ္စ- လမ်းဆိုးလမ်းယုတ်ကိုလည်းကောင်း၊ ဝင်္ကဉ္စ- လမ်းကောက်လမ်းညစ်ကိုလည်းကောင်း၊ ဝိဝဇ္ဇေတွာ- ရှောင်ကွင်းဖယ်ကြဉ်နိုင်၍၊ ဥဇုံ-ဖြောင့်ဖြောင့်၊

သုမဂ္ဂဝေါ- လမ်းကောင်းလမ်းမွန်သို့ လိုက်သွားနိုင်သည်၊ ဘဝေ-ဖြစ်ရပါလို၏။

ဤသည်တို့ကား ဆရာတော်ဘုရားကြီး၏ မှတ်သားဖွယ်ရာ ထူးခြားသည့်ဆုတောင်းများပင်တည်း။

စာရေးသူဖတ်ဖူးသည့် အနောက်တိုင်း စာရေးဆရာတစ်ဦး၏ ဆုတောင်းကလေးကလည်း တစ်မျိုးတစ်ဖုံ ဒဿနဆန်ဆန် စိတ်ဝင်စားဖွယ်ကောင်းလှ၏။ သူကား အောက်ပါအတိုင်း အချက်သုံးချက် ဆုတောင်းထားသည်ကို တွေ့ရ၏။

(1) Let me not pray to be sheltered from the dangers, but to be fearless in facing them.

(အန္တရာယ်တွေမှ အကာအကွယ်ရဖို့ အကျွန်ုပ်ဆုမတောင်းပါရစေနဲ့၊ အဲဒီအန္တရာယ်တွေကို ထိပ်တိုက်ရင်ဆိုင် တွေ့ကြုံလာရတဲ့အခါမှာတော့ အကြောက်တရားကင်းရှင်းစွာဖြင့် ရင်ဆိုင်နိုင်စွမ်းရှိရပါလို၏ ။ တဲ့။)

(2) Let me not beg for the stilling of my pain, but for the heart to conquer it.

(မတွေ့ကြုံရသေးတဲ့ ဆင်းရဲဒုက္ခတွေ မတွေ့ကြုံပါရစေနဲ့လို့ အကျွန်ုပ် မတောင်းခံပါရစေနဲ့၊ ဒီလို ဆင်းရဲဒုက္ခတွေ တွေ့ကြုံရတဲ့အခါမှာ အောင်နိုင်စွမ်းရှိတဲ့ နှလုံးသားမျိုး ရှိပါရစေတဲ့။)

(3) Let me not crave in anxious fear to besaved, but for the patience to win my freedom.

(အကျွန်ုပ်ဟာ အမိအမယ် ကယ်ပါယူပါ တစ်စာစာနဲ့ စိုးရိမ်တကြီး ကြောက်ရွံ့စွာဖြင့် ကယ်တော်မူပါလို့ အလိုရမ္မက် မဖြစ်ပါရစေနဲ့၊ သို့သော် မိမိဘဝ လွတ်မြောက်ဖို့ ကြိုးပမ်းရာမှာ (မိမိဘဝလွတ်မြောက်ရေးအတွက်) ခန္တီဆိုတဲ့ သည်းခံနိုင်စွမ်းရှိပါရစေသား။တဲ့။

အားလုံးကို ချုံငုံသုံးသပ်ကြည့်ပါက အထက်ဆိုခဲ့ပြီး ဆုတောင်များသည် သာမန်လူသားတို့ တောင်လိုသည့် ဆုတောင်းမျိုးမဟုတ်၊ ဆုကြီးပန် ယောကျာင်္းကောင်း အာဇာနည်တို့ တနည်းဆိုရသော် ရွှေရောင်လွှမ်းသော နှလုံးသားပိုင်ရှင်တို့ တောင်းသောဆုများဟုပင် ဆိုချင်ပါသည်။


နိဂုံးချုပ်အနေအားဖြင့် အကိတ္တိဇာတ်တော်လာ ဘုရားလောင်း အကိတ္တိရသေ့၏ ဆုတောင်းများဖြင့် ဤဆောင်းပါးကို နိဂုံးကမ္ပတ်အဆုံးသတ်ချင်ပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့ ကောင်းမှုပြုခြင်း၏ ရည်ရွယ်ချက် ဘာဖြစ်သင့်တယ်ဆိုတာကို မင်းကွန်းတိပိဋကဆရာတော်ကြီးက အကိတ္တိဇာတ်တော်လာ ဆုတောင်းများကို အောက်ပါအတိုင်း လင်္ကာသွယ်၍ ဆုတောင်းတော်မူခဲ့၏။

ဤသည့်ပုည၊ ကုသလကြောင့်၊ သံသရာဝယ်၊ ကျင်လည်ရဘိ၊ ပညာရှိနှင့်၊ ယှဉ်မိပေါင်းသင်း၊ ဥာဏ်မဲ့ကင်း၍၊ ပြည့်တင်းလှူဖွယ်၊ လှူစဉ်ဝယ်လည်း၊ သုံးသွယ်စေတနာ၊ ဖြောင့်ညီညာသည်၊ ခေမာအထွဋ် တိုင်လိုသောဝ်။

စာဖတ်သူအားလုံး စူဠသုဘဒ္ဒါလို ရန်ငြိုးတွေထားပြီး ဆုတောင်းမမှားကြစေဖို့နှင့် ဘုရားလောင်း ရှေးသူတော်ကောင်းအပေါင်းတို့လို မှန်ကန်သည့် နှလုံးသွင်းမျိုးဖြင့် ဆုမွန်ကောင်းများတောင်းနိုင်ကြပါစေ။



မေတ္တာဖြင့်

မေ့သားလှ-ဇလဂ္ဂ

၁၃၇၃ ခု တန်ဆောင်မုန်းလဆန်း ၁၁ ရက်

၆-၁၁-၂၀၁၁ တနင်္ဂနွေနေ့ ည ၁၂ နာရီ

No comments:

Post a Comment