" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, November 17, 2011

မဇ္ဈိမဒေသ နှင့်သံဝေဇနိယ(ဗဟုသုတ)

ဧကနိပါတ်၊ အင်္ဂုတ္တရ် အဌကထာ၌ မဇ္ဈိမဒေသ အပိုင်းအခြားကို

အရှေ့လားသော် ဂဇင်္ဂလ နိဂုံးရွာ

အနောက်လားသော် သလ္လဝတီမြစ်

တောင်လားသော် သေတကဏ္ဏိ နိဂုံးရွာ

အနောက်လားသော ထူဏပုဏ္ဏားရွာ

မြောက်လားသော် ဥသီရဒ္ဓဇ တောင်တန်းတို့ဖြင့် ပိုင်းခြားထားပြီး မုရိုးစည်ကဲ့သို့ အလယ်ကြီး၍ အရင်းနှင့်အဖျားသိမ်၏။ အဝန်းယူဇနာ ၉၀၀ ရှိ၏။ အလျား ယူဇနာ ၃၀၀၊ အနံ ယူဇနာ ၂၅၀ ရှိ၏။

ယနေ့ခေတ် လူဦးရေ ကမ္ဘာ့ဒုတိယအမျာဆုံး သန်းပေါင်း တစ်ထောင်ကျော်လူဦးရေရှိသည့် အိန္ဒိယနိုင်ငံ၏ အရှေ့အနောက် အကျယ်အဝန်းမှာ မိုင် ၁၈၀၀၀ ရှိ၍ တောင်မြောက် ၁၃၀၀ ကျော်ရှိ၏။ အိန္ဒိယနိုင်ငံသည် စတုရန်းကီလိုမီတာ ၃.၂၉ သန်းမျှ ကျယ်ဝန်းသည်ဟူ၏။ မြောက်ဖက်တွင် တရုပ်ပြည်၊ နီပေါနှင့် ဘူတန်၊ အနောက်ဖက်တွင် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်၊ အရှေ့ဖက်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် တို့ရှိကြ၏။ နိုင်ငံ၏သွယ်လျသော တောင်ဘက်ဖျားကို သီရိလင်္ကာနိုင်ငံကျွန်းမှ ပါ့လ်က်ရေလက်ကြားနှင့် မန္နာပင်လယ်အော် တို့က ခွဲခြားထားလေ၏။

အနောက်မြောက်ဖက် ပါမီယာကုန်းပြင်မှ အရှေ့ဖက် ဗြဟ္မပုတ္တရမြစ်ဝှမ်းအထိ၊ မြောက်ဖက်နယ်စပ်တစ်လျှောက် ကီလိုမီတာ ၂၄၀၀ မျှ ရှည်လျားသော ဟိမဝန္တာတန်းများက ဝိုင်းရံလျှက်ရှိကြကုန်၏။ ယင်း ဟိမဝန္တာတောင်တန်းသည် နီပေါနိုင်ငံအထိ ဝိုင်းရံထား၏။ ယင်းတောင်တန်းတွင် ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကြီးလည်း တည်ရှိလေ၏။ ကျွန်းဆွယ်၏ တောင်ပိုင်းကို နေရာယူထားသည်မှာ ဒက္ခိဏကုန်းမြေမြင့်ကြီးဖြစ်သည်။ ကညကုမာရီသည် အိန္ဒိယနိုင်ငံ၏ တောင်ဖက်ဖျား ဖြစ်သည်။

ဟိမဝန္တာတောင်တန်းနှင့် ဒက္ခိဏကုန်းမြင့် အကြားတွင် အင်ဒို-ဂင်္ဂါလွင်ပြင်ရှိသည်။ အရှေ့ဖက်တွင် ဗြဟ္မပုတ္တရမြစ်သည် ဂင်္ဂါမြစ်မင်းနှင့် ပေါင်းဆုံစီးဆင်းသွားပြီး ဒီရေတောများ ပေါများကြွယ်ဝခြင်းကြောင့် ကျော်ကြားလှသည့် ကမ္ဘာ့အကျယ်ဆုံး မြစ်ဝကျွန်းပေါ်ဒေသကြီးကို ဖြစ်ပေါ်စေသည်။ အရှေ့ဖက် ဘင်္ဂလားပင်လယ်အော်တွင် ကပ္ပလီကျွန်းစုနှင့် နာဂဘာရီကျွန်းများ ရှိလေသည်။ အနောက်ဖက်တွင် အာရေဗျပင်လယ်တွင်မူ လက်ရှာဒွိကျွန်းများမှ လခြမ်းသဏ္ဍာန် သန္တာကျွန်းများ ရှိသည်။ မြောက်မှတောင် ၃၂၁၄ ကီလိုမီတာရှိပြီး အရှေ့မှ အနောက် ၂၉၃၃ ကီလိုမီတာ ရှည်လျားသည်ဟူ၏ ထို့ကြောင့်ပင် အိန္ဒိယကို တိုက်ကြီးတစ်တိုက်အဖြစ် အများက ခေါ်ဝေါ်ကြလေသည်။


အိန္ဒယနိုင်ငံသည် နိုင်ငံကျယ်ဝန်းသည့်အလျှောက် ရာသီဥတုကလည်း မတူကွဲပြားလှ၏။ အေးသည့်အပိုင်း၌ အရိုးကွဲမတတ် ရေခဲမှတ်အောက်ထိအေး၍ ပူသည့်အပိုင်းသည်လည်း အပူလှိုင်းမိ၍ လူခန္ဓာကိုယ် အသားရေများ နေပူလောင်ခြင်းကြောင့် စုတ်ပြဲခြင်း အပူလှိုင်းမိ၍ လူသေသည်အထိပင် ပူပြင်းလှပေသည်။ နာလန္ဒာ ဗုဒ္ဓဂယာတွင် နွေရာသီ၌ အပူချိန် ၂၈ စင်တီဂရိတ်မှ ၄၇ စင်တီဂရိတ် ဒီဂရီအထိ ပူတတ်ပါသည်။ ဆောင်းရာသီ၌ ၂၈ စင်တီဂရိတ်မှ ၄ စင်တီဂရိတ် ဒီဂရီအထိ အေးတတ်ပါသည်။ မိုးရေချိန်မှာ ၁၁၈၆ မီလီမီတာရှိ၍ ဇွန်လအလယ်မှ စက်တင်ဘာလအထိ မိုးရွာတတ်ပါသည်။ ရာဇဂြိုဟ် နာလန္ဒာ ဗုဒ္ဓဂယာတစ်ဝိုက်တွင် ၂၇.၈ စင်တီဂရိတ်မှ ၁၀.၆ စင်တီဂရိတ်အထိ အေးတတ်ပါသည်။ အခြား ဗာရာဏသီ ကုသိနာရုံ နှင့် သာဝတ္ထိတို့မှာလည်း ရာသီဥတုအားဖြင့် ရာဇဂြိုဟ် နာလန္ဒာ ဗုဒ္ဓဂယာတို့နှင့် သိပ်မကွာမခြားလှ မတိမ်းမယိမ်းလောက်ပင် ဖြစ်သည်။

မြတ်ဗုဒ္ဓလက်ထက်တော်အခါက ဇမ္ဗူဒီပ(ဇမ္ဗူဒိပ်ကျွန်း) ဆိုသည်မှာ ယနေ့ခောတ် အိန္ဒိယနိုင်ငံပင်ဖြစ်ကြောင်း အားလုံးသိကြသည်။ မဇ္ဈိမဒေသ ဆိုသည်မှာတော့ အိန္ဒိယနိုင်ငံရှိ ဗီဟာပြည်နယ်၊ ဥတ္တရာပရာဒေ့ရှ် ပြည်နယ်များနှင့် နီပေါနိုင်ငံ တစ်စိပ်တစ်ပိုင်းတို့ပင် ဖြစ်သည်။ မြတ်ဗုဒ္ဓလက်ထက်တော်အခါက အိန္ဒိယတိုက်ငယ်တစ်ခုလုံးကို တိုင်းကြီး ၁၆ တိုင်းအဖြစ် ခွဲခြားအုပ်ချုပ်ခဲ့ကြောင်း ဗုဒ္ဓစာပေတို့၌ တွေ့ရ၏။ ယင်း ၁၆ တိုင်းတွင် မာဂဓတိုင်း (ယခု ဗီဟာပြည်နယ်အတွင်း) နှင့် ကောသလတိုင်း (ယခု ဥတ္တရာပရာဒေ့ရှ် ပြည်နယ်) တို့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အရေးပါ အချက်ချာကြသည့် နေရာဒေသများဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓပွင့်တော်မူရာ ဓမ္မစကြာတရားဦးဟောတော်မူရာနှင့် နောက်ဆုံး မဟာပရိနိဗ္ဗာန်စံတော်မူရာ ဒေသတို့သည် ယင်း ဗီဟာပြည်နယ်နှင့် ဥတ္တရာပရာဒေ့ရှ် ပြည်နယ်တို့အတွင်း၌သာ ရှိသောကြောင့်တည်း။

ကမ္ဘတစ်လွှားက ဗုဒ္ဓဘာသာဝင်တို့သည် အိန္ဒိယနိုင်ငံ နီပေါနိုင်ငံတို့သို့ ဘုရားဖူးခရီးလာရောက်ကြကုန်၏။ ဖွား၊ ပွင့်၊ ဟော၊ စံ ဤလေးတန် မှန်ရန် သံဝေဇနိယ လေးဌာန ဟူသည်အတိုင်း မြတ်ဗုဒ္ဓဖွားတော်မူရာ၊ ဘုရားဖြစ်တော်မူရာ၊ တရားဦးဟောတော်မူရာ၊ ပရိနိဗ္ဗာန်စံတော်မူရာ ဖြစ်သည့် သံဝေဇနိယ လေးဌာနကို မရောက်ရောက်အောင် သွားကြ၏။ ထိုသံဝေဇနိယ လေးဌာနတို့သို့ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် သွားရောက်ဖူးမျှော်ရမည်။ ဖူးမျှော်ပြီး သံဝေဂ တရားပွားများရမည်ဟု မြတ်ဗုဒ္ဓက မဟာပရိနိဗ္ဗာနသုတ်တော်မှာ ဟောတော်မူခဲ့၏။ သံဝေဂတရားရဖို့ သဒ္ဓါတရားဖြင့် သွားရောက်ဖူးမျှော်ကြသော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ကြည်ညိုသဒ္ဓါစိတ်ဖြင့် စုတော်သည်ရှိသော် နတ်ရွာသုဂတိသို့ ရောက်ကြလိမ့်မည်ဟုလည်း မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့သေး၏။ မြတ်ဗုဒ္ဓ၏ စကားတော်ကို တလွဲအဓိပ္ပါယ်မကောက်ဖို့လည်း အရေးကြီး၏။ မိမိကိုယ်တိုင်က ဒုစရိုက်မျိုးစုံလုပ်ခဲ့ပြီးမှ သံဝေဇနိယလေးဌာနတို့သို့ ဘုရားဖူးခရီးသွားကာမျှဖြင့် အပါယ်တံကားပိတ်ပြီဟု မမှတ်သင့်။ တကယ့်ကို သဒ္ဓါတရားထက်ထက်သန်သန်ဖြင့် မြတ်ဗုဒ္ဓ၏ဂုဏ်တော်တွေကို နှစ်နှစ်ကာကာ ကြည်ညိုကာ သံဝေဇနိယဌာနတို့မှာ ဥာဏ်နှင့်ယှဉ်သည့် သံဝေဂတရားပွားများနိုင်မှသာလျှင် နတ်ရွာသုဂတိ ရောက်မည်ဖြစ်ပါသည်။


ဗုဒ္ဓဘာသာဝင်အပေါင်းတို့ အလွန်တိုတောင်းလှသည့် လူဘဝရခိုက်မှာ လူ့ဘဝတန်ဘိုးကို ရအောင်ယူတတ်ဖို့လိုပါ၏။ ဆင်တတ်မှ လှ၊ ယူတတ်မှ ရ ဆိုသလို သာသနာနှင့်ကြုံခိုက် သတိသံဝေဂတရားများပွားများကာ ကုသိုလ်တရားများ အရယူကာ သံသရာလျှောက်လှမ်းကြရဦးမည်ဖြစ်၏။ ခရီးနှင့်မကင်းသူ ပုထုဇဉ်တိုင်း ခရီးရှည် ခရီးတိုများ သွားကြရပေဦးမည်။ မိမိတို့သွားရမည့်ခရီးကား တစ်ခဏခရီးလား၊ တစ်ဘဝခရီးလား၊ သံသရာခရီးလား ဆိုတာကို အသိဥာဏ်ဖြင့်ယှဉ်ကာ ခရီးသွားကြရပေမည်။ သတိလွတ်ကင်းမေ့လျှော့ခြင်းမျိုးဖြင့် ခရီးမသွားကြပါကုန်လင့်၊ အန္တရာယ်များလှပေ၏။ မိမိတို့လျှောက်လှမ်းရမည့်ခရီးအတွက် လမ်းညွှန်ချည်းကိုသာ အားမကိုးကုန်ကြလင့်၊ ဘုရားရှင်တို့သည် လမ်းညွှန်ပြရုံသာ ညွှန်ပြတော်မူကြကုန်၏။ မိမိတို့ကိုယ်တိုင် မြတ်ဗုဒ္ဓညွှန်ပြသည့် လမ်းကောင်းလမ်းမှန်ကို ဖြောင့်ဖြောင့်ကြီးသွားနိုင်ဖို့သာ အရေးကြီးပါ၏။ မဂ္ဂညူ(လမ်းခရီးအကောင်းဆုံးကိုသိသူ)၊ မဂ္ဂဝိဒူ (လမ်းဆိုးလမ်းကောင်းကို ခွဲခြားသိသူ လမ်းပါရဂူ)၊ မဂ္ဂကောဝိဒ (လမ်းခရီးအတွက် စိတ်အချရဆုံး လမ်းခရီး အကျွမ်းကျင်ဆုံးဖြစ်သူ) ခရီးလမ်းညွှန်ဖြစ်တော်မူသော မြတ်ဗုဒ္ဓက


အိပ်မပျော်သောသူ ညဥ့်တာရှည်၏

အားအင်ကုန်ခန်း ခရီးပင်ပန်းသူ ခရီးရှည်၏

သူတော်ကောင်းတို့၏ လမ်းညွှန်ဓမ္မကို မရရှိကြသော လူမိုက်တို့၏ သွားရာ သံသရာခရီးက ပိုရှည်၏။ တဲ့။


သူတော်ကောင်းအပေါင်းတို့ သံဝေဇနိယလေးဌာနတို့သို့ ဘုရားဖူးခရီး သွားရောက်ကြပါက သတိသံဝေဂတရားများ ရရှိနိုင်ကြပါစေကုန်သတည်း။


မေတ္တာဖြင့်

မေ့သားလှ(ဇလဂ္ဂ)

17-11-2011


1 comment:

  1. အရှင်ဘုရားရိုသေစွာလျှောက်ထားပါသည်ဘုရား......
    မဟာဗောဓိစေတီ ဗုဒ္ဓဂါယာသတ္တဌာန ..
    (မြတ်စွာဘုရား ၇ ရက်စီသတင်းသုံးရာဌာန)များ၏ ရာဇ၀င်အကျဉ်းကို အာရုံပြုပူဇော်လိုပါ၍ ဆရာတော်မှ ရေးသားချီးမြှင့်ပေးပါရန် ပန်ကြားလိုပါသည်ဘုရား..

    ReplyDelete