" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Wednesday, January 18, 2012

ရင်တွင်းဖြစ်ဆန္ဒ

မှတ်ချက်။ ။ ၂၀၁၁ ခုနှစ်၊ အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင် မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့

ဧကာဒသမနှစ်ပတ်လည် အထိမ်းအမှတ် စာစောင်တွင် စာရေးသူ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူစဉ်က ရေးသားခဲ့သည့် အယ်ဒီတာ့စကားကို ရင်တွင်းဖြစ်ဆန္ဒ အဖြစ် စာရေးသူ၏ ဘလော့မှတ်တမ်းတွင် ပြန်လည် ဖော်ပြအပ်ပါသည်။


အယ်ဒီတာ့ စကားဦး

နှစ်လရက် မိနစ် စက်ကန့် အခိုက်အတန့်တို့ အဆက်မပြတ် ဟန်ချက်ညီညီ လည်ပတ်နေသောကြောင့် ခေတ်စနစ် ဘဝစသည်တို့သည်လည်း အဆက်မပြတ် ပြောင်းလဲစီးဆင်း ဖြစ်ပေါ်နေပေသည်။ ယင်းသို့ အချိန်တိုင်း နေရာတိုင်း ရွေ့လျားမှုတိုင်း အပြောင်းအလဲတို့ ပြောင်းလဲချင်တိုင်း ပြောင်းလဲနေသော ယနေ့ခေတ် ကမ္ဘာကြီးသည် ဂလိုဘယ်လိုက်ဇေးရှင်းခေတ် ဖြစ်သည်အားလျှော်စွာ အရာရာတိုင်းသည် ယခင်ကထက်ပင် ဆင့်ကဲပြောင်းလဲ တိုးတက်ဖြစ်ထွန်းနေသည်မှာ အံမခန်းပင်ဖြစ်ပေသည်။ ထိုလောကကြီးအတွင်း၌ အသက်ရှင်ရပ်တည်နေကြကုန်သော ကမ္ဘာ့လူသား သတ္တဝါများ ဆင်းရဲမှုကင်းဝေး၍ စိတ်ချမ်းသာမှု အပြည့်အဝခံစား ရရှိစေရန် မြတ်ဗုဒ္ဓသည် နည်းလမ်းအသွယ်သွယ် ကျင့်ဖွယ်အမျိုးမျိုးကို ဖော်ထုတ်လမ်းညွှန်ပြလျှက် သာသနာတော်မြတ်ကြီးကို တည်ထောင်တော်မူခဲ့၏။

မြတ်ဗုဒ္ဓချမှတ်ခဲ့သော မဇ္ဈိမလမ်းစဉ် သူ၏မွန်မြတ်သောရည်မှန်းချက်နှင့် သူ့သာသနာတော်မြတ်ကြီး အရှည်ခံ့တည်တံ့ ပြန်ပွားနိုင်စေရန် ရှေးအခါမှစ၍ ဆရာတပည့် အစဉ်အဆက်တို့ လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ယူ ထိမ်းသိမ်းစောင့်ရှောက်လာခဲ့ကြ၏။ ယနေ့ခေတ် မိမိတို့ထံမှောက် ရောက်ရှိလာသော သာသနတာဝန်ကို ဦးလည်မသုန် အစွမ်းကုန် ကျေပွန်စွာ ထမ်းဆောင်ရွက်ရမည်မှာ တပည့်တော်တို့ မျိုးဆက်သစ် ညီတော်နော်တော် ရဟန်းတော်တို့၏ တာဝန်ပင်ဖြစ်ပါသည်။ တာဝန်ရှိသူ အကျွန်ုပ်တို့သည် တာဝန်မကျေပါလျှင် အနာဂတ်မျိုးဆက်သစ်တို့ကို စော်ကားရာရောက်နိုင်သလို အတိတ်ကာလ သာသနာစောင့် မထေရ်အဆက်ဆက်တို့ကိုလည်း သစ္စာဖောက်ရာကျပေလိမ့်မည်။ တာဝန်ကျေပွန်ပါမှ မြတ်ဗုဒ္ဓ၏ မွန်မြတ်သောဆန္ဒတော်ကိုလည်း ဖြည့်ဆည်းပေးရာ ရောက်ပေလိမ့်မည်။

ရှေးခေတ်နှင့် ယနေ့ခေတ်သည် အသွင်သဏ္ဍာန်ရော အနှစ်သာရပိုင်းပါ လုံးဝမတူတာတော့ သေချာ၏။ သို့သော် “ပတ္တမြားမှန်လျှင် နွံမနစ် “ဆိုသကဲ့သို့ မြတ်ဗုဒ္ဓ၏ တရားစစ် တရားမှန်တို့သည် အနှစ်သာရ အစစ်အမှန် မြတ်နိုးသူတို့ထံ၌ ဆက်လက်ရှင်သန် နေမည်သာဖြစ်၏။ မြတ်ဗုဒ္ဓ၏ အနှစ်သာရ တရားတော်များကို ကမ္ဘာ့လူသားတို့ထံ လျှင်လျှင်မြန်မြန် ထိထိမိမိ ပို၍ကောင်းမွန်သော နည်းသစ်စနစ်သစ်တို့ဖြင့် အရောက်ပို့ရမည်ဖြစ်၏။ ထိုသို့အဆင့်ဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ဘို့ရန် “ လောကနှင့်လည်း မကင်းစေနှင့်၊ ဓမ္မဘက်လည်း မယွင်းစေနှင့်” ဆိုသည့်အတိုင်း မိမိတို့ရဟန်းတော်များ ကိုယ်တိုင်က ပါဠိ ပိဋကတ်စာပေ ဓမ္မရေးရာ အဖြာဖြာတို့ကို ကျွမ်းကျင်တတ်မြောက် ထားသင့်ရုံသာမက ခေတ်နှစ်အညီ ကမ္ဘာသုံး အင်္ဂလိပ်စာပေတို့ကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ကြရမည်ဖြစ်၏။ ယခုနှစ် အိန္ဒိယနိုင်ငံရောက် ပညာသင်မြန်မာရဟန်းတော် ၃၈၀ ကျော်တို့သည် ကမ္ဘသုံးအင်္ဂလိပ်စာကို Medium Language (ကြားခံ ပေါင်းကူးဆက်သွယ်ရေး ဘာသာ) အဖြစ်ဖြင့် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ် ကောလိပ်ပေါင်း ၁၄- ခု တို့၌ တက်ရောက်ပညာသင်ယူနေကြ၏။ ထိုအရှင်မြတ်တို့သည် သင်ယူလေ့လာတတ်မြောက်လာသည့် လောကီလောကုတ္တရာပညာတို့ဖြင့် အမျိုးဘာသာ သာသနာအတွက် မိမိလူမျိုး မိမိနိုင်ငံ ထိုမှတဆင့် ကမ္ဘာ့လောကကြီး ကောင်းစားဘို့အတွက် မိမိတို့တတ်စွမ်းနိုင်သည့်ဘက်မှ ပေးဆပ်ကြမည်ပင်ဖြစ်၏။

ယခုနှစ်ဆိုလျှင် အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင် မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ကြီး၏ သက်တမ်းသည် ဆယ်စုနှစ်တစ်ခု ကျော်လွန်၍ ဆယ့်တစ်နှစ် ပြည့်မြောက်ခဲ့လေပြီ။ “သမဂ္ဂါနံ တပေါ သုခေါ “ ဟူသော မြတ်ဗုဒ္ဓ၏ ဒေသနာတော်အညီ “တယောက်အားနှင့် ယူသော်မရ၊ စုပေါင်းအားနှင့် ယူရမည်” ဆိုသကဲ့သို့ အဖွဲ့ကြီး၏ လုပ်ငန်းကိစ္စများ ကျယ်ကျယ်ပြန့်ပြန့် လျှင်လျှင်မြန်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ဘို့ ချစ်ခင်စည်းလုံးသည့် ညီညွတ်ရေးစိတ်ဓာတ် တို့သည် မရှိမဖြစ်အရေးကြီးဆုံး အရာပင်ဖြစ်၏။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် သည်းခံခြင်း နားလည်ပေးခြင်းတို့ဖြင့် သာမဂ္ဂီကို တည်ဆောက်ကြရမည်ဖြစ်၏။ ယင်းသည် အဖွဲ့စည်းတစ်ရပ်၏ လှပအောင်တန်ဆာဆင်သည့် စွမ်းအားပင်ဖြစ်၏။

ပုထုဇဉ် ပညာသင် မြန်မာရဟန်းတော်များ လျှောက်လှမ်းခံသည့် ဆယ့်တစ်နှစ်တာကာလ ခရီးတလျှောက် အကောင်းအဆိုး အားနည်းချက် အားသာချက် ကောင်းကွက် ဟာကွက်ချို့ယွင်းချက်များ ရှိခဲ့မည်မှာ အမှန်ပင်ဖြစ်ပေ၏။ သို့သော် အဖွဲ့ကြီး အောင်မြင်ဘို့အတွက် ဥာဏ်စွမ်းဝီရိယစွမ်းတို့ဖြင့် တတ်နိုင်သည့်ဘက်က ကြိုးပမ်းအားထုတ်ခဲ့သော ယခင်နောင်တော် အဆက်ဆက်တို့၏ အားထုတ်မှုကို အလေးဂရု အသိမှတ်ပြု၍ အတုယူစရာများကို အတုယူကြရမည် ဖြစ်၏။ အတိတ်ဖြစ်ရပ်တွေထဲမှ ပျော့ကွက် ဟာကွက် အားနည်းချက်တို့ကို ပြုပြင်ဖာထေးလျှက် အားသာချက် ကောင်းကွက်များကို ဖော်ထုတ်ကျင့်သုံနိုင်မည် ဆိုပါက ကျွန်ုပ်တို့၏ ပစ္စုပ္ပန်လုပ်ရပ်တို့သည် အကောင်းဘက်ဆီသို့ ဦးတည်ကာ အနာဂတ်ကာလ အကျိုးရလာဒ်တို့လည်း တိုးတက်ကောင်းမွန်နေမည်မှာ မလွဲဧကန်ပင်ဖြစ်ပေလိမ့်မည်။ ရှေးရှေးနောင်တော်များ လမ်းခင်းပျိုးချပေးခဲ့သော အဖွဲ့ကြီးကို ဆက်လက်ရှင်သန် စည်ပင်အောင် ပြုစုထိမ်းသိမ်းစောင့်ရှောက်ဘို့ရန်နှင့် ဖောက်ထွင်ပေးခဲ့သောလမ်းကို ညီညီညွတ်ညွတ် ဆက်လက် လက်တွဲချီတက်လျှောက်လှမ်းဘို့ရန်မှာ လက်ရှိ ညီတော်နောင်တော်များဖြစ်ကြသော ကျွန်ုပ်တို့အားလုံးတာဝန်ပင်ဖြစ်၏။ အဖွဲ့စည်းတိုင်း၌ ဖြစ်တတ်သည့် ကွဲရာအက်ရာလေးများကို “အချိန်မှီချုပ် ၊ အစုပ်သက်သာ” ဆိုသည့်အတိုင်း အပြန်အလှန်ညှိနှိုင်းတိုင်ပင် အဖြေရှာခြင်း အပြန်အလှန် နားလည်ခွင့်လွှတ်ပေးခြင်း တို့ဖြင့် စုပေါင်းဝိုင်းဝန်း၍ အတူလက်တွဲပြီး ညီညွတ်စွာ အချိန်မှီ ဖာထေးချုပ်စပ်ကြရမည်ဖြစ်၏။ “သူ့အထွာ၊ သူ့အတာနှင့်၊ သူထမ်း၊ မကြီးကျယ်သော်လည်း၊ ခရီးဝယ်၊ မခက်ခဲအောင်၊ လက်တွဲလို့လှမ်း” ဆိုသည့်အတိုင်း အားလုံး ညီညီညွတ်ညွတ်ဖြင့် အခက်ခဲမှန်သမျှ လက်တွဲဖြေရှင်း လက်တွဲလျှောက်လှမ်းကြရမည် ဖြစ်ပါသည်။

ဤအဖွဲ့ကြီး နောင်နှစ်ပေါင်းများစွာ ဆက်လက် အောင်မြင်တိုးတက်ဖို့အတွက် ညီတော်နောင်တော် အဖွဲ့ဝင် ရဟန်းတော် အားလုံးတို့သည် (၁) အဖွဲ့ဝင် ရဟန်းတော်များအားလုံး အဖွဲ့၏ ကောင်းရာကောင်းကြောင်းအတွက် စိတ်စေတနာမှန် သဒ္ဓါတရားထက်သန်ခြင်း၊ (၂) အဖွဲ့ဝင် အားလုံး ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာရှိကြခြင်း၊ (၃) သီတင်းသုံးဖော်များနှင့် အဖွဲ့ကြီးအပေါ်၌ ကောက်ကျစ်စဉ်းလဲမှုမရှိခြင်း၊ (၄) အဖွဲ့ကြီး ဆထက်တပိုး တိုး၍ အောင်မြင်အောင် စွမ်းနိုင်သမျှ ကြိုးစားဆောင်ရွက်ကြခြင်း၊ (၅) အမှန်တရားကို မြင်နိုင်စွမ်းရှိသည့် အတွေးအခေါ်ပညာများနှင့် ပြည့်စုံခြင်း၊ ဟူသော ပဓာနိယင်္ဂတရားများငါးပါးနှင့် ပြည့်စုံအောင် အားထုတ်နိုင်ကြပါစေဟု ဆန္ဒပြုဆုတောင်းလိုက်ရပါသတည်း။

အရှင်သုတာစာရာလင်္ကရ(မေ့သားလှ-ဇလဂ္ဂ)

အထွေထွေအတွင်းရေးမှူး

နာလန္ဒာတက္ကသိုလ်

No comments:

Post a Comment