" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, February 2, 2012

ခါးစည်းတစ်လွှာ ( ဒါရိုက်တာစာရေးဆရာသုခ )

ရှေးရှေးတုန်းကတရားပြဂုရုဆရာကြီးတစ်ပါးနဲ့တရားကျင့်ယောဂီဆာဒူးတစ်ယောက်ဟာ အရပ်တကာ ကိုလှည့်လည်လာခဲ့ကြတယ်။ ရွာတစ်ရွာအနားကတောတန်းလေးရောက်တော့ ဂုရုကြီးက သည်နေရာ လေးဟာမင်းနေဖို့ကောင်းတယ်၊ တရားကျင့်ဖို့ရွာနဲ့လည်း မနီးမဝေး၊ လှူမယ့်တန်းမယ့်သူနဲ့လည်း အလှမ်းမဝေး၊ ရေမိုးကလည်းပြည့်စုံတယ်၊ သစ်ကျားတို့အန္တရာယ်ကလည်းကင်းတယ်၊ အဲဒီတော့ မင်းဒီနေရာမှာနေရစ်ခဲ့၊ ငါကတော့ဟိမဝန္တာသွားပြီးတရားကျင့်မယ်၊ နောင် ၅ နှစ်ကြာတဲ့အခါကျတော့ ငါသည်ကိုပြန်လာခဲ့မယ်၊ အဲဒီတော့ မင်းကိုယောဂကမ္မဋ္ဌာန်းတစ်ဆင့်တိုးပြီးသင်ပေးမယ်၊ မင်းအခုကျင့် တဲ့တရားအတိုင်းဆက်ပြီးကျင့်နေပါလို့ ပြောပြီးဂုရုဆရာကြီးကဟိမဝန္တာကိုထွက်သွားတယ်။ သူလည်း ထွက်သွားပြီးရောဆာဒူးလေးကတရားကျင့်တယ်။ နောက်တစ်နေ့စားဖို့ ရွာထဲကိုလာပြီးအလှူခံတော့ ရွာသူရွာသားများက စားစရာသောက်စရာများသာမကဆာဒူးလေးနေဖို့သစ်ခက်တဲကျောင်းလေးတစ်ခု ဆောက်ပေးကြတယ်။ သည်တော့ ဆာဒူးလေးမှာတရားထိုင်ဖို့အဆင်ပြေနေတာပေါ့၊ ဆာဒူးလေးက တရားထိုင်ခါနီးရင် သင်္ကန်းကလနံပိုင်းလေးကို ရေလဲလုပ်ပြီးရေချိုးလေ့ရှိတယ်၊ အဲဒီကလနံလေးကို ကျောင်းတံခါးဝကသစ်ကိုင်းကလေးပေါ်မှာ နေလှန်းလေ့ရှိတယ်။ တစ်နေ့ကျတော့ အဲဒီလှန်းထားတဲ့ ကလနံလေးကိုကြွက်ကိုက်သွားတယ်၊ သည်ကြွက်ကိုက်တဲ့အဝတ်ကို သူမဝတ်ချင်တော့ဘူး။ ဗြဟ္မဏ မျိုးနွယ်ဉာဉ်ကလေးကလဲမကုန်သေးတော့ ကြွက်ကိုက်တာမင်္ဂလာမရှိဘူးထင်ပြီးရွာထဲသွား အလှူခံတယ်။ ရွာသူရွာသားများကဘာပြုလို့တုန်းမေးတော့ ငါ့ကလနံလေးကြွက်ကိုက်သွားလို့၊ ဟာ .. ဒါဖြင့် လှူမှာပေါ့ဘုရား ဆိုပြီးတော့လှူလိုက်ကြရော၊ ဒါနဲ့နေပြန်ရော။ နောက်း ၄ - ၅ - ၆ ရက်လောက်ကြာ တော့ကြွက်ကိုက်သွားပြန်ရော၊ သည်လို ခဏခဏကြွက်ကိုက်တော့ ခဏခဏအလှူခံရပြန်ရော။ သည်တော့ ရွာထဲကအလှူရှင်တွေကပြောတယ်။ အရှင်ဘုရား ဒီလိုသာ ခဏခဏကြွက်ကိုက်နေလို့ ရှိရင်ကြောင်တစ်ကောင်ခေါ်မွေးထားလိုက်ရင်ပြီးရော၊ ကြောင်ရှိရင်ကြွက်မလာဘူး။ အေး .. သည် လိုဆိုရင်ကောင်းသားပဲဆိုပြီးတော့ ရွာသားတွေပေးလိုက်တဲ့ကြောင်ကလေးကိုကျောင်းသို့ယူလာခဲ့ တယ်။ ကြောင်ကလေး ခေါ်ထားတော့ကြွက်မလာတော့ဘူး၊ သို့သော်လည်း ကြောင်မှာစားစရာမရှိ ဘူးတဲ့။ ဆာဒူးလေးစားတာလဲသက်သတ်လွတ်ပေကိုး၊ သည်တော့ ကြောင်သောက်ရအောင်နွားနို့ အလှူခံရပြန်တယ်။ နေ့တိုင်းအလှူခံရဖန်များတော့ ရွာသားတွေကပြောကြပြန်တယ်။ " ဆာဒူးလေး နွားမတစ်ကောင်ကိုမွေးထားပါ၊ အဲသည်နွားမကထွက်တဲ့နို့ကို ကြောင်လေးလည်းတိုက်နိုင်တယ်၊ ဆာဒူးလေးလည်း သောက်နိုင်တယ်မဟုတ်လား " ဒီလိုနဲ့ ဆာဒူးလေးက ရွာသားတွေလှူလိုက်တဲ့ နွားမကိုဆွဲပြီးကျောင်းကိုပြန်လာခဲ့ရတယ်။ နွားမထံမှရတဲ့ နို့ကို ကြောင်လေးလည်းသောက်၊ ဆာဒူးလေးလည်းသောက်ရပါရဲ့။ ဒါပေမဲ့ နွာမ စားဖို့ကောက်ရိုးကလိုလာပြန်တယ်။ သည်တော့ ကောက်ရိုးအလှူခံရပြန်ရော။ ဒါလည်းပဲ ၇ ရက်လောက်ကြာလာတော့ "ဆာဒူးလေး၊ ကောက်ရိုး အလှူခံနေရတော့ပင်ပန်းမှာပေါ့၊ ကျောင်းနားမှာမြေကလေးရှိသားပဲ၊ အဲဒီမြေကို လယ်လုပ်ပြီးစပါး ပင်စိုက်လိုက်ရင် ဆာဒူးလေးအတွက်ဆွမ်းဆန်လည်းရမယ်၊ နွားမ စားဖို့ကောက်ရိုးလည်းရမယ် မဟုတ်လား၊ တပည့်တော်တို့က ပေါက်တူးတို့၊ ထွန်သန်တို့၊ မျိုးစပါးတို့လှူလိုက်ပါ့မယ် " အဲဒါနဲ့ပဲ ဆာဒူးလေးဟာတရားထိုင်ရတယ်မရှိတော့ဘူး၊ လယ်လုပ်နေရတာနဲ့ပဲအချိန်တွေကုန်ပါလေရော။ အဲသည်လို လုံ့လဝီရိယ စိုက်လိုက်တော့ စပါးတွေဖွံ့ဖြိုးလာတယ်၊ စပါးဖွံ့ဖြိုးလာတော့ ဆာဒူးလေး တစ်ဦးတည်းမနိုင်လို့ စပါးရိတ်ဖို့လူငှားရတယ်။ စပါးတွေရိတ်သိမ်းပြီးတော့ ထားဖို့ကျီကြဆောက်ရ ပြန်တယ်၊ ကိုယ့်ဝမ်းစာလေးချန်ပြီးကျန်တာတွေရောင်းပစ်ရင် ငွေရလာမယ်၊ အဲဒီငွေနဲ့ အခြားအသုံး အဆောင်များကိုလည်းဝယ်နိုင်တယ်။ ကိုယ့်ကိုပြုစုဖို့၊ ကျောင်းမှာဝေယျာဝစ္စလုပ်ဖို့ မိန်းမယူပါလို့ ရွာသားတွေကတိုက်တွန်းတာနဲ့ ဆာဒူးကလေးမှာ မိန်းမယူလိုက်ရပြန်ရော။ ၅ နှစ်ကြာလို့ သူ့ဆရာ ဂုရုကြီး ဟိမဝန္တာမှပြန်လာတဲ့အခါ ဆာဒူးလေးမှာအိမ်တွေယာတွေနဲ့၊ ကျီတွေကြတွေနဲ့၊ မိန်းမနဲ့ ကလေးတွေနဲ့တိုးလို့တွဲလောင်းဖြစ်နေတာကို တအံ့တသြမြင်လိုက်ရ တယ်။ သည်တော့ ဂုရုကြီးက မေးတယ်။ " တပည့်ဆာဒူးလေး၊ မင်းဘယ်လိုဖြစ်တာလဲ၊ ငါမင်းကိုပြောတုန်းကတရားကျင့်ဖို့ပြောခဲ့ တယ်၊ အခု မိန်းမရော ကလေးတွေရောရနေတယ်၊ ဘယ်လိုဖြစ်တာလဲ " လို့မေးတဲ့အခါမှာ ဆာဒူး လေးဟာနောင်တအကြီးအကျယ်ရပြီး " ခါးစည်းတစ်လွှာကစခဲ့တာပါပဲဘုရား " လို့ငိုကြီးချက်မနဲ့ ဝပ်ချရှိခိုးလိုက်ပါသတဲ့။ အဲဒါဟာ ဟိန္ဒူဘုန်းတော်ကြီး ရာမာခရာစ်ရှနာ ဟောတဲ့ပုံပြင်လေးပါ။ ပလိဗောဓ ဆိုတာ တရားကျင့်မယ့်သူကို အနှောက်အယှက်အဖျက်အဆီးအဟန့်အတားဖြစ်စေနိုင် တဲ့အတွက် အသေးအမွှားလေးကအစသတိထားဖို့ကောင်းကြောင်းဆုံးမတာပါပဲ။

သုခ

No comments:

Post a Comment