" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, February 23, 2012

မသက်သာလေ နှောင်ကြိုးတွေ ပွေလွန်းလို့


သံယောဇဉ်…သံယောဇဉ်… စကားလေး သုံးခွန်းမို့၊ ညွှန်းစေချက်လည်း၊ နည်းမယ်မထင်၊တကယ့်ကို တွေးပြန်တော့ မသေးတဲ့ အားအင်၊ ကမ္ဘာခွင် တစ်ခုလုံး၊ သိမ်းကျုံးပြုပြင်၊ သူခိုင်းစေသမျှ၊ ထာဝစဉ် လူတိုင်းနေရတာပင်။ အာသဝေါကုန်ငြား၊ အရိယာသူတော်စင်တို့က လွဲရင်၊ သံယောဇဉ်နှောင်ကြိုးမျှင် ဇွတ်တိုးလျှင်….(ဘိုကလေးတင်အောင် ရေးသားသည့် နီနီဝင်းရွှေ သီဆိုသည့် သံယောဇဉ် ဟူသည့် သီချင်း စာပိုဒ်လေး)

သံယောဇဉ် ဆိုသည်မှာ အထက်ပါ သီချင်းစာသားထဲကအတိုင်း စကားလေးသုံးလုံးသာ ဖြစ်သော်လည်း ပုထုဇဉ်များအဖို့ အပြောလွယ်သလောက် ပယ်ရခွာရအလွန်ခက်လှပါ၏။ သံယောဇဉ်နှောင်ကြိုး ဟု ခေါ်ရိုးရှိသည့်အတိုင်း ကြိုးဖြင့် ချည်နှောင်ထားသကဲ့သို့ သူ၏ကိန်းရာ သတ္တဝါကို သံသရာဝဋ်မှ ပြေးမလွတ်နိုင်လောက်အောင် ချည်နှောင်တတ်သော တရားကို သံယောဇဉ် ဟု ဗုဒ္ဓစာပေမှာတော့ အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ ဆိုလိုသည်မှာတော့ သတ္တဝါတို့၏ စိတ်နှလုံးကို မရုန်း မထွက်နိုင်အောင် ချည်နှောင် ဖွဲ့ယှက်၍ ထားအပ်သော အာရုံများကို သံယောဇဉ် နှောင်ကြိုးဟု ဆိုရပေသည်။ သုတ္တန်ဒေသနာနည်းအားဖြင့် သားအာရုံ၊ သမီးအာရုံ၊ လယ်ယာ မိုးမြေ ရွှေငွေရတနာတည်း ဟူသော အာရုံ၊ အိုးအိမ်စည်းစိမ်တည်းဟူသော အာရုံ၊ ဆွေမျိုးဥာတကာ တည်းဟူသော အာရုံ စသည်များသည် ဗဟိဒ္ဓ နှောင်ကြိုးတွေပင် ဖြစ်၏။ အဘိဓမ္မာဒေသနာနည်းအားဖြင့် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဗောဌဗ္ဗာရုံများသည် ဗဟိဒ္ဓနှောင်ကြိုးတွေ ဖြစ်၏။ အထက်ပါ သားသမီးစသော ဗဟိဒ္ဓအာရုံများ၌ တွယ်တာသာယာကပ်ငြိ၍နေသော ဥပါဒါန်တရား၊ ကိလေသာတရားများသည် အတွင်းအဇ္ဈတ္တ နှောင်းကြိုးတွေပင်ဖြစ်ကြ၏။

ကြိုးချင်းထားတော့ ကြိုးချင်းငြိ၊ အိုးချင်းထားတော့ အိုးခြင်းငြိ၊ ဆိုသလို ဗဟိဒ္ဓအာရုံနှောင်ကြိုးများနှင့် အတွင်းအဇ္ဈတ္တကိလေသာ နှောင်ကြိုးများ တွယ်တာငြိကပ်ကြသောအခါ ရှင်း၍မရနိုင်အောင် ရှုပ်ထွေးကြကုန်၏။ ရုန်းမထွက်နိုင်လောက်အောင် ခိုင်မြဲစွာ ချည်နှောင်ထားကြကုန်၏။ မစွမ်းရင်းကလဲရှိ၊ ကန်စွန်းခင်းကလဲငြိ၊ နတ်တိုက်ကလဲရှိ၊ ဓာတ်ခိုက်ကလဲရှိ၊ ဆိုသကဲသို့ သတ္တဝါတို့ အဇ္ဈတ္တသန္တာန်အတွင်းမှာ ရှုပ်ထွေးစွာခြည်နှောင်တတ်သော နှောင်ကြိုးများသည် ဗဟိဒ္ဓ ကာမဂုဏ်အာရုံ နှောင်ကြိုးများနှင့် ဓာတ်ခိုက်ပေါင်းမိသောအခါ ခိုင်မြဲစွာ အချင်းချင်း ဖွဲ့နှောင်ကြလေတော့သည်။ ထို့ကြောင့် သဂါထာဝဂ္ဂသံယုတ်(နှာ၁၃၊၁၆၇) ၌ မြတ်ဗုဒ္ဓက အန္တော ဇဋာ၊ ဗဟိ ဇဋာ၊ ဇဋာယ ဇဋိတာ ပဇာ၊ ဟု ဟောတော်မူခဲ့၏။ ဆိုလိုသည်မှာ ပဇာ-သတ္တဝါများသည်၊ အန္တောဇဋာ- အတွင်း၌ရှိသော ကိလေသာနှောင်ကြိုး အရှုပ်တရားတို့ဖြင့်လည်း များစွာ ရှုပ်ထွေပွေလိမ်ကြကုန်၏။ ဗဟိဇဋာ-သမီးသားမယား လယ်ယာမိုးမြေ စည်းစိမ်ဥစ္စာစသည့် ဗဟိဒ္ဓနှောင်ကြိုး အရှုပ်တရားမျိုးဖြင့်လည်း များစွာ ရှုပ်ထွေပွေလိမ်ကြကုန်၏။ ဇဋာယ-ယင်းသို့အဇ္ဈတ္တ ဗဟိဒ္ဓ အတွင်းအပ အရှုပ်အထွေးတရား နှစ်ပါးကြောင့်၊ ဇဋိတာ- ဖြေရှင်း၍ မရနိုင်လောက်အောင် တစ်လိမ်လိမ် တရစ်ခွေခွေ တစ်ထွေးထွေး ချည်နှောင်ရှုပ်ထွေးကြလေကုန်၏။

ကြခတ်ဝါးရုံသည် အခက်အလက်တို့ဖြင့် ဖြေရှင်း၍ မရနိုင်လောက်အောင် ပွေလိမ်ရှုပ်ထွေးနေသကဲ့သို့ သတ္တဝါများတည်းဟူသော ကြခတ်ဝါးရုံတို့သည်လည်း အတွင်းကိလေသာကြိုးထွေး၊ အပြင်ပ ဗဟိဒ္ဓသန္တာန်၌ ရှိသော ကာမဂုဏ်နှောင်ကြိုးထွေးတို့ဖြင့် တစ်ထွေးတစ်လုံး ရှုပ်ထွေးလျှက်သာ ရှိကြကုန်၏။ လောကုတ္တရာစခန်း မတက်လှမ်းနိုင်သေးသမျှ ဖြေရှင်း၍ မရနိုင်အောင်ရှိကြကုန်၏။ ထိုသို့ ရှုပ်ထွေးစွာချည်နှောင်အပ်သော နှောင်ကြိုးတို့၏ မလှုပ်မယှက်နိုင်အောင် ချည်နှောင်ထားမှုကြောင့် မလွတ်မထွက်နိုင်ပဲ သံသရာတစ်ဝဲလည်လည် နေကြရကုန်၏။ အချုပ်ဆိုရလျှင် လူနတ်ဗြဟ္မာ ပုထုဇဉ်တွေမှာ နှောင်ကြိုး ၁၀ ချောင်းဖြင့် တနည်းမဟုတ် တနည်း ချည်နှောင်ထားခံရ၏။ ရဟန္တာဖြစ်မှသာလျှင် ယင်းသံယောဇဉ် ကြိုးတွေကို အပြီးသတ် ပယ်ဖြတ်နိုင်၍ သံသရာဝဋ်မှ လွတ်ခွင့်ရနိုင်ကြလေသည်။

ပုထုဇဉ်လောကတစ်ခုလုံးကို သားမယားသံယောဇဉ်၊ ဆွေမျိုးသံယောဇဉ်၊ မိမိတို့ပိုင်ဆိုင်ထားသည့် လယ်ယာမိုးမြေ ရွှေငွေရတနာ သံယောဇဉ်၊ ရာထူး အလုပ်ကိုင် သံယောဇဉ် စသည်ဖြင့် ပြောမဆုံးပေါင် တောသုံးထောင် ဆိုသလို ကာမဂုဏ်ထောင် သံယောဇဉ်နှောင်ကြိုးများဖြင့် တင်းကြပ်စွာ တုတ်နှောင်ထားလေ၏။ သံဝေဂဥာဏ်ထက်သန်လာသဖြင့် ရုန်းထွက်မည်ကြံသော်လည်း ကာမဂုဏ်နှောင်ကြိုးတို့က အတင်းကြပ်တုတ်နှောင်ထားကြသဖြင့် သားသမီးကလေးငယ်များ၏ မျက်နှာရုပ်ပုံလွှာတို့က ရှေ့တဲ့တဲ့မှာ ကသိုဏ်းကွက်ကဲ့သို့ ဘွားဘွားကြီး ပေါ်ထွက်လာတတ်ပြန်၏။ ချစ်ဇနီးမယား မျက်နှာကလည်း ဘွားကနဲပေါ်လာပြန်၏။ နာမည်ကျော် ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင် နှစ်ပါးသွားထဲကလို " တောထွက်မယ် ကြံပေမဲ့၊ ချောကညာလေးတွေက၊ သူတို့မျက်စိထဲ၊ ကွက်ခနဲကွက်ခနဲမြင်" ဆိုသကဲ့သို့ နက္ကတစ်ဖလင်ပြားပေါ်မှာ တစ်ရိပ်ရိပ်မြင်ယောင်လာကြကုန်၏။ ထို သံယောဇဉ်နှောင်ကြိုး သားမယား မျက်နှာတို့က "တစ်ကိုယ်ကောင်းကြံ ရုန်းမထွက်ပါနှင့်" ဟူ၍ မူမူရာရာ တီတီတာတာ မဆိုသော်လည်း ဆိုသကဲ့သို့ ဖြစ်ကုန်၏။ သို့ဖြစ်၍ ရုန်းထွက်ဖို့ နောက်ဆံတင်းလျှက် ရှိကြကုန်၏။ ထိုသို့သောအခါ သံယောဇဉ် နှောင်ကြိုးက ရုန်းထွက်တော့မည် ကြံသော သံဝေဂဥာဏ်ရှင် ပါရမီရှင်ဆရာကြီးများသည်ပင် ပြာရီးပြာရာနှင့် အံ့အားသင့်၍ မုဆိုးကျော့ကွင်းမိသော သားသမင်ကဲ့သို့ မရုန်းထွက်နိုင်ဘဲ ရှိတတ်ကြပါသည်။

ပုထုဇဉ်များအဖို့တော့ သံယောဇဉ်အာရုံ ကာမဂုဏ်နှောင်ကြိုးတို့သည် အမှတ်မဲ့ သာမည နေလျှင် မိမိကိုယ်၌ နှောင်ဖွဲ့ထားမှန်းတောင် ကောင်းကောင်း မသိသာစေကုန်။ ပါရမီဥာဏ်နုနယ်သေးသော သူလိုကိုယ်လိုလူများ မဆိုထားနှင့်ဦး၊ အန္တိမ ဘဝိက၊ ပစ္ဆိမဘဝိက- သံသရာနောက်ဆုံးဘဝ ပိုင်ဆိုင်ထားကြသည့် ဘုရားဖြစ်လတံ့သော အလောင်းတော် သိဒ္ဓတ္ထမင်းသားသည်ပင် သူအို သူနာ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးမြင်၍ တောထွက်တော်မူမည့် ဆဲဆဲမှာပင် ချစ်ဇနီး ယသော်ဓရာ၏ မျက်နှာတော်နှင့် သားတော်ရာဟုလာ မျက်နှာကို ဘွားကနဲမြင်လာသဖြင့် နောက်ဆံတငင်ငင်ဖြစ်ပြီး အောင့်မနေနိင်ရှာဘဲ နောက်ဆုံးကြည့်ခြင်းဖြင့် ကိုယ်တော်တစ်ပါးတည်း ယသောဓရာ၏ တိုက်ခန်းအဆောင်တော်သို့ ကူးခဲ့ရပေသေးသည်။ အခန်းပေါက်ဝက နေပြီးလျှင် ယသော်ဓရာနှင့် သားတော်ရာဟုလာကို ရှု့တော်မူရာ ကြည့်ရုံမျှပင် အားမရနိုင်သေးသောကြောင့် သားတော်ရာဟုလာကိုပင် ယူငင်ထွေးဖက် နမ်းရှုပ်တော်မူမည်ဟု ကြံစည်တော်မူလေသေးသည် မဟုတ်ပါလား။ နောက်မှ အသိဥာဏ်ဖြင့် စိတ်ခလုတ်ကို ထိမ်းချုပ်တော်မူပြီးမှ ဆုတ်ခွာတော်မူခဲ့ရရှာလေ၏။ ထို့ကြောင့် ကျေးဇူးရှင်လယ်တီ ဆရာတော်ကြီးက "တစ်ကိုယ်ကောင်းတန်၊ တစောင်းနော် ကြံလိုက်ရ၊ နောက်ဆံထွေးယှက်၊ အရေးနှယ်ခက်ပါဘိ" ဟု ဆုံးမတော်မူခဲ့၏။ သို့သော်လည်း တကယ့်ပါရမီရှင်များသည် နောက်ဆုံးတော့ နောက်ဆံတင်းခြင်း မရှိပဲ လွတ်လွတ်ကြီးထွက်မြောက်သွားကြသည်များကို ဇာတ်နိပါတ်တော်များမှာ များစွာတွေ့နိုင်ပါသေးသည်။

လောကတွင် အင်အားအကြီးဆုံး ဆင်များသည် အရေးကြုံလာပါက သစ်ပင်တစ်ပင်လုံးကိုပင် အမြစ်မှ နှတ်ပစ်နိုင်လောက်အောင် အားအင်များရှိကြသော်လည်း သူတို့ကို ချည်နှောင်ထားသည့် နှောင်ကြိုးကိုတော့ ဖြတ်တောက်နိုင်ခြင်းမရှိကြခြေ။ ဆင်များ ယုံကြည်နေကြသည်မှာ ထိုနှောင်ကြိုးများက သူတို့ကို ချည်နှောင်ထားသည်ဟူသော အစွဲလမ်း သို့မဟုတ် ယုံကြည်ချက်ရှိနေသောကြောင့် သူတို့ ယင်းနှောင်ကြိုးတို့မှ ရုန်းထွက်ဖို့ မကြိုးစားကြခြင်းပင် ဖြစ်ပေသည်။ သို့သော် ပုထုဇဉ်လူသားတို့သည် မိမိတို့ကို သံယောဇဉ်နှောင်ကြိုးများဖြင့် အချည်ခံနေရသည် မှန်ပါ၏။ လူသားတို့က ဆင်များနှင့် တမူကွဲပြားခြားနားသည်ကတော့ ထိုနှောင်ကြိုးများကို ဖြေချင်လျှင် ဖြေနိုင်စွမ်းရှိ၏။ ရုန်းထွက်ချင်လျှင် ရုန်းထွက်နိုင်စွမ်း ရှိ၏။ အဘယ့်ကြောင့်ဆိုသော် လူသားတို့၏ အသိဥာဏ်သည် တိရစ္ဆာန်တို့ထက် မြင့်မားသောကြောင့်ပေတည်း။ ထိုအသိဥာဏ်ကပင် လူသားတို့နှင့် တိရစ္ဆာန်တို့ လုံးဝ ကွဲပြားခြားနားအောင် လုပ်လိုက်ခြင်းဖြစ်၏။ ပညာကဲမို့၊ ငါသို့သမူ၊ ပြုမူဆောင်တာ၊ အရာရာသည်၊ ဘယ်မှာ မပြီးရှိအဲ့နည်း ဆိုသကဲ့သို့ အဓိပတိပစ္စည်းတပ်သည့် အသိဥာဏ်ရှိပါက မည်မျှပင် ရုန်းထွက်ရန်ခက်ခဲစေကာမူ ရုန်းထွက်နိုင်ကြပေသည်။ အရာရာပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါသည်။

လူသားတို့သည် တကယ်ပါရမီဥာဏ် ရင့်သန်လာပါက သံယေဇဉ်နှောင်ကြိုးတို့မှ ရုန်းထွက်နိုင်ကြမည်ဖြစ်၏။ ပါရမီဥာဏ် မရင့်သန်သေးလို့ပါ ဟု ဆင်ခြေဆင်လက်များပေးနိုင်သော်လည်း ပါရမီဆိုသည်မှာ ဖြည့်ကျင့်ယူမှ ပြည့်ဝနိုင်ပေ၏။ လက်တွေ့ဖြည့်ကျင့်မှုမရှိပါက အဘယ်မှာလျှင် ပါရမီဥာဏ် ရင့်သန်လာနိင်ပါအံ့နည်း။ ပါရမီဥာဏ်မရင့်သန်လျှင် အဘယ်မှာ သံယောဇဉ်နှောင်ကြိုးမှ ရုန်းထွက်နိုင်ပါမည်နည်း။ ထိုကဲ့သို့ သံယောဇဉ်နှောင်အိမ်မှ ရုန်းထွက်ရန် လူသားတိုင်းမှာ ပါရမီဥာဏ် အခြေအနေကောင်းများတော့ ရှိတတ်ကြပါသည်။ ထိုအခြေအနေကောင်းများ ရှင်သန်လာဖို့ မိမိတို့၏ စိတ်ခလုတ်ကို ဥာဏ်ဖြင့်ထိမ်းချုပ်ကာ မိမိတို့လိုအပ်သလို ပုံသွင်းပြုစုပျိုးထောင်ကြရပေမည်။

ဆံပင်ညှပ်သမားသည် အင်မတန်ရှုပ်ထွေးနေသည့် ဆံပင်များကို သို့မဟုတ် မလိုအပ်သည့် ဆံပင်များကို ဖြတ်ညှပ်ထုတ်ကာ မိမိလိုအပ်သည့် ဆံပင်ဒီဇိုင်း ပုံပန်းသဏ္ဍာန်ကို လှပတင့်တယ်အောင်ပြုလုပ်ဖန်တီးသကဲ့သို့ မိမိတို့သည် အရုပ်ဆိုးအကြည့်တန်လှသည့် သံယောဇဉ်အရှုပ်ထွေးများကို ဖြတ်ထုတ်နိုင်ဖို့ ရှေးဦးစွာ မိမိစိတ်ကို လှပအောင်ဖန်တီးရပေလိမ့်မည်။ စိတ်လှလာလျှင် တဖြေးဖြေး အသိဥာဏ်တိုးကာ သံယောဇဉ် ကာမဂုဏ်အာရုံတွေအပေါ်မှာ တပ်မက်မှုကင်းလာပေလိမ့်မည်။ လူသားတို့သည် ပါရမီဥာဏ်မရင့်သန်သေးသောအခါ ကာမဂုဏ်အာရုံအပေါ်၌ သာယာမှု အဿာဒတရားများဖြင့် မွေ့လျှော်တတ်ကြသော်လည်း တဖြည်းဖြည်း ပါရမီဥာဏ်ရင့်သန်လာတော့ ယင်းကာမဂုဏ်အာရုံ သံယောဇဉ် အနှောင်အဖွဲ့တို့၏ အပြစ် အာဒီနဝ ကိုမြင်လာတတ်ကြပါသည်။ သံယောဇဉ် ကာမဂုဏ်တို့၏ အပြစ်ကို မြင်လာတာနှင့်အမျှ ထိုအနှောင်အဖွဲ့ နှောင်ကြိုးတို့မှ လွတ်မြောက်မှု (နိဿရဏ) ကို ရရှိဖို့ ကြိုးစားကြသည်။ လွတ်မြောက်မှု ရတာနှင့်တပြိုင်နက် သစ္ဆိကရဏ ဟုခေါ်သည့် သံယောဇဉ်နှောင်ကြိုးတို့၏ စင်စစ်လွတ်မြောက်ရာ နိဗ္ဗူတာစခန်းကို မျက်မှောက်ပြုကြရပေသည်။

ယခုအခါ ဗုဒ္ဓသာသနာတော်မြတ်ကြီးနှင့် ကြုံကြိုက်နေကြသော သူတော်ကောင်းအပေါင်းတို့သည် သံယောဇဉ်နှောင်ကြိုးများမှ ရုန်းထွက်ရန် နည်းကောင်း လမ်းကောင်းများ ရှိပါသည်။ သာသနာဒုလ္လဘ ကြုံရသည့် အခါကောင်းကြီးကို လှလှကြီး ရရှိကြပေသည်။ ယခုလို ကာလကောင်း၊ခေတ်ကောင်း ဝိပဿနာလက်နက်ကောင်းများဖြင့် လှလှကြီးတွေ့ကြုံပိုင်ဆိုနိုင်ကြကုန်လျှက် နောက်ဆံတငင်ငင် အထွေးယှက်ယှက် သံယောဇဉ်ကွန်ယက်မှ ရုန်းထွက်နိုင်ဖို့ တရားသမ္ပဇဉ် အများယှဉ်၍ ဥာဏ်ဟုန်ရဲရဲ ဖြစ်နိုင်သလောက် အားခဲနိုင်ကြပါစေသတည်း။


မေတ္တာဖြင့်

မေ့သားလှ(ဇလဂ္ဂ)

၂၄-၀၂-၂၀၁၂

No comments:

Post a Comment