![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJsn0M6iK1SWq3RDkZbEvZFwkiScw27BcYOaRNGsEW87j1p9gR_VW4tPkDceufWXlrJiM9ZL-h6Yu6Enq90wn5sXtpiAsh9ZjO12NrBFaJGsgr_KeJAchIBJariWk2FMOHZHz3aqYoSIgN/s320/baby+meditation.jpg)
တနေ၀င် တနေထွက်
နေ့ရက်တွေဇယ်ဆက်သလို
ကြွေပျက်ကာသွားတဲ့လူ့ဘဝ
ခဏတာ ရောက်လာကြပေမဲ့
ကြောက်စရာဘ၀လို့ မမြင်ကြ
ရောက်ရာအရပ်မှာ သောင်တင်ပြီး
ဘောင်ဘင်ခတ်နေကြတယ်။
နေ့ရက်တွေများလွန်းလို့
သေရက်ကို မေ့နေသလား
မစဉ်းစားမိ မတွေးတောမိ
အတွေးရေယာဉ်ကြောမှာ
မှိန်းမောနေကြတယ်၊
နေသည် ၀င်ဖို့ ဒုန်းဆိုင်းသလို
လူသည်သေဖို့ ဒုန်းဆိုင်းနေပါတယ်၊
အချိန်နဲ့ လူ့ဘ၀ဟာ
တုမရအောင် ချိန်စက်
သေဖက်မှာ အားရက်မရှိ
နားရက်မရှိ တအိအိပြေးလွှား
တရွေ့ရွေ့ပြေးကစားနေလေရဲ့။
လူသားတွေမှာတော့
အားရက်ရှိ နားရက်ရှိ
အိပ်ရက်ရှိကြတယ်။
အချိန်တစိတ်ကို
တအိတ်လောက်ထင်ပြီး
မဆင်ခြင် မော်ဖူး
ပျော်မြူးနေကြတယ်။
အချိန်တန် အိမ်ပြန်တဲ့အခါ
ဘာတွေပါလာကြမလဲ
ဘာဆိုဘာမှ မယ်မယ်ရရ
ပါမလာကြ ရစရာလည်းမရှိ
အသိခေါက်ခက် အ၀င်နက်နေတာမို့
ပြင်သင့်ပါရက်နဲ့ မပြင်ဆင်နိုင်
ဘုံပိုင်ပစ္စည်းတွေကို
ကိုယ်ပိုင်ပစ္စည်းတွေအဖြစ်နဲ့
နှစ်နှစ်ကာကာ ချစ်တွယ်တာနေလေတော့
အနှစ်မပါဘဲ လောဘမီး သောကမီး
ဇရာမီးတွေ တညီးညီးလောင်
ရှိတာတွေလဖြေးဖြေးပြောင်ပြီး
ဘ ၀ အမှောင်တိုက်ထဲ
မှောက်ကာ ဆိုက်မြဲမို့
ကြောက်စရာ အမိုက်မဲဘဝ
ရောက်ရပါလေရော။
ဘ၀လမ်းအသွယ်သွယ်မှာ
လျှောက်လှမ်းဖွယ် မလွယ်ပါသဗျို့
အမှောင်အလယ် ယောင်လည်လည်နဲ့
ရှောင်ဖယ်မရ ထိန်းမရလို့
ဇာတ်သိမ်းမလှမှာ သေချာပါပေတယ်။
ပညာစခန်း နိဗ္ဗာန်လမ်းကို
မြော်မှန်းခိုဝင် မဂ္ဂင်ယာဉ်ဖြင့်
အလျင်ခိုမှီး ကိုယ်တိုင်စီးပြီး
အပြန်ခရီး လှစေသတည်း။
တက္ကသိုလ်ဘုန်းကြွယ်။
ဖေဖေါ်ဝါရီ ၈ ၂၀၁၂
No comments:
Post a Comment