" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, February 21, 2012

ဦးအိမ်ခင်´ သို့မဟုတ် မျိုးချစ် ရဟန္တာထေရ်အရှင်


ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေမှာ `တရားနဲ့ဖြေ။ တရားနဲ့ဖြေ´ လို့ သူများတွေကို ဖျောင်းဖျခဲ့သလို ကိုယ့်ဘာသာလည်း တရားလေးနဲ့ ဖြေနိုင်အောင် ကြိုးစားရပါတယ်။ အံ့သြစရာကြီးဗျာ။ တကယ်ပြေတယ်ဗျို့။ ဒါကြောင့်မို့လို့ ကိုယ့်လိုပဲ အမှောင်ထဲမှာ ချွတ်ခြုံကျနေတဲ့သူတွေကိုပါ တရားနဲ့ ဖြေနိုင်အောင် ဓမ္မလက်ဆောင်ပေးလိုက်ရပါတယ်။ ဒီတခါဟောမယ့် ဇာတ်တော်ကတော့ နိဂမ၀ါသီတိဿ မထေရ်ကြီးရဲ့ ဇာတ်ကြောင်းပါပဲ။ ကဲ .. တရားနာပရိသတ်ကြီးရေ။ အနန္တငါးပါး အရင် ကန်တော့လိုက်ကြပါဦး။

အဲဒီမထေရ်ကြီးရဲ့ ဘွဲ့မည်ဟာ `ကျေးရွာနိဂုံး၌သာ နေထိုင်သူ´ လို့ အဓိပ္ပါယ်ရပါသတဲ့။ မြတ်စွာဘုရားရှင် လက်ထက်တော်က တောကျောင်းမှာ သီတင်းသုံးနေတဲ့ တိဿမထေရ်ကြီးဟာ ရဟန်းဝါ ငါးဝါရကတည်းက ဘုရားရှင်ထံ ကမ္မဋ္ဌာန်းတရားများ တောင်းယူပြီးတော့ မိမိမွေးဖွားကြီးပြင်းရာ တောရွာကလေးကိုပြန်လို့ တရားအားထုတ်တော်မူသတဲ့။ သာဝတ္ထိပြည်မှာ အနာထပိဏ်သူဋ္ဌေးကြီး အလှူကြီးပေးတုန်းကလည်း မလာဘူး။ ၀ိသာခါကျောင်းအမကြီး အလှူကြီးပေးလည်း မကြွဘူး။ ကောသလမင်းကြီးကိုယ်တိုင် အလှူကြီးတွေ ပေးတာတောင် တစ်ခါမှ ကြွမလာပါဘူးတဲ့။ ဒါကြောင့်မို့လို့ သူ့ကို တောမှာပဲ နေတဲ့ဘုန်းကြီး `ဦးအိမ်ခင်´ ရယ်လို့ ငေါ့တော့တော့ နံမည်ပေးထားကြပါသတဲ့။

တကယ်တော့ မထေရ်ကြီးဟာ ရပ်ရွာသံယောဇဉ်ကြီးလွန်းလို့၊ မွေးရပ်ကမခွာနိုင်လို့ အိမ်သတိရပစ္စယော လုပ်ပြီး တောကမခွာ နေတာ မဟုတ်ပါဘူးတဲ့။ ရဟန္တာအလောင်းအလျာမို့ တွယ်တာမှုသံယောဇာဉ်ဆိုတာလည်း သူ့မှာ မရှိသလောက်ပါပဲတဲ့။ သူ့စိတ်ထဲမှာ စွဲမြဲခံယူနေတာ တစ်ခုတော့ ရှိပါသတဲ့။

`သဓမ္မော မိမိ၏မျိုးနွယ်၊ ရပ်ရွာ၊ ရိုးရာ၊ ယဉ်ကျေးမှုတို့သည၊် ပိဂုဏော ဂုဏ်မဲ့သည်ဟု ထင်ရစေကာမူ၊ သုနိဋ္ဌိတာ - အဆများစွာ ပို၍တိုးတက်သည်ဟု ထင်ရသော၊ ပရဓမ္မာ သူတပါးတို့၏ မျိုးနွယ်၊ ရပ်ရွာ၊ ရိုးရာ ယဉ်ကျေးမှုတို့ထက်၊ သေယျော မြတ်၏´ လို့ ဆိုပါသတဲ့။ `သေရော(သေယျော)ဟယ် သေရော(သေယျော) သေရော(သေယျော)´ လို့ပြောရင် `မြတ်လေစွ မြတ်လေစွ မြတ်လေစွ´ လို့ အနက်ပြန်ရမယ်နော်။ စောစောက စကားကိုတော့ မန္တလေးသားတွေက ၀မ်းသာအယ်လဲ ထောက်ခံကြပါလိမ့်မယ်။ ရဟန္တာဖြစ်ခါနီးတာတောင် ဒေသစွဲက မကင်းသေးပဲကိုးလို့ အထင်လွဲကုန်ရင် ငရဲကြီးကုန်မှာစိုးလို့ ဆက်ရှင်းပြပါရစေဦး။

မထေရ်ကြီးရဲ့သဘောထားက သည်လိုပါတဲ့။ သူဟာ ဤဒေသ ဤနိဂုံး ဤမိဘမျိုးနွယ်၌ လူဖြစ်လာရခြင်းမို့ အဲဒီဒေသ အဲဒီနိဂုံးက မိဘဆွေမျိုးတွေကို ကျေးဇူးတုန့်ပြန်ရပါမယ် တဲ့။ မိမိအကျိုးစီးပွားအတွက် အဲဒါတွေကို ပစ်ပယ်ပြီး သာသည့်မြေသို့ ကြွသွားခဲ့ရင် ကျေးဇူးကန်းရာရောက်တယ် လို့ မြင်ပါသတဲ့။ ဘယ်လိုကျေးဇူးဆပ်သလဲဆိုတော့ အရပ်တပါးမသွားပဲ အဲဒီရပ်ရွာမှာတင် ရဟန်းကိစ္စပြီးမြောက်အောင် တရားအားထုတ်လို့ နေပါသတဲ့။ ဒီမှာလည်း ရပ်ရွာကျေးဇူးဆပ်ပေးဖို့ဆိုပြီး `ဆေးရုံဆောက်ပေးပါ။ လမ်းခင်းပေးပါ။ ကျောင်းဆောက်ပေးပါ။´ လို့ ဟိုလူ့ပူဆာ ဒီလူ့ပူဆာ မလုပ်ဘူးနော်။ ဘုန်းကြီးပီပီ ဘုန်းကြီးကိစ္စကိုသာ လုပ်ပြီး ကျေးဇူးဆပ်တာ အင်မတန် အတုယူစရာကောင်းပါတယ်။ (ဘုန်းကြီးစာချတယ်လို့ ကလော်တုပ်ခံရတော့မှာပဲ)

ဒီနေရာမှာ နည်းနည်းလောက်တော့ နားထောင်ကြည့်ပါ ဟစ်ဟော့ပ်သီချင်းလို့ အလေးအနက်ထားပြောချင်တာကတော့ အရင်တခေါက်ကပြောခဲ့သလို မထေရ်ကြီးရဲ့ ရဟန်းအလုပ်၊ အသက်မွေးမှု၊ ၀မ်းရေးနဲ့ ပတ်သက်တဲ့ ခံယူချက်သဘောထားပဲ ဖြစ်ပါတယ်။ အောင်မယ်လေး။ လိုရင်းရောက်အောင် မနည်းရုန်းယူရတယ်။ နို့မို့ ဗုဒ္ဓစာပန်းချီတွေ ရေးမလို့လားလို့ အငေါ့ခံရဦးမယ်။ လူတွေဟာ အလုပ်လုပ်ကြတဲ့အခါ၊ အသက်မွေးမှုပြုတဲ့အခါ၊ ၀မ်းစာရှာတဲ့အခါ ဆက်စပ်လာတဲ့ အကျိုးတရားသုံးပါးရှိပါတယ်တဲ့။ လာဘလို့ခေါ်တဲ့ ငွေကြေးဥစ္စာရယ်၊ သက္ကာရလို့ခေါ်တဲ့ အများကအသိအမှတ်ပြုရိုသေလေးစားမှုရယ်၊ သိလောကလို့ခေါ်တဲ့ ထင်ရှားကျော်ဇောမှုရယ်ပါတဲ့။

လောကမှာ လူရယ်လို့ဖြစ်လာရင် သူသူကိုယ်ကိုယ် ပစ္စည်းဥစ္စာနဲ့ ပြည့်စုံချင်ကြတဲ့သူချည့်ပါပဲတဲ့။ အဲသလိုပြည့်စုံဖို့ တောင့်တရုံတင်မဟုတ်ဘူး။ အားထုတ်ကြိုးစားကြတာလည်း ဓမ္မတာပါပဲတဲ့။ သို့သော်ငြားလည်း အဲသလို ကြိုးစားအားထုတ်ရာမှာ တရားသဖြင့်ရအောင် အားထုတ်တာမဟုတ်ပဲ အတင်းအဓမ္မကြိုးစားအားထုတ်လာခဲ့ရင်တော့ အဲဒါ သမ္မာအာဇီဝ မမည်တော့ပါဘူးတဲ့။ တချို့ကတော့ ငွေကြေးထက် ရာထူးဋ္ဌာနန္တရကို အရေးစိုက်အားထုတ်ပါသတဲ့။ ဒီနေရာမှာလည်း တရားသဖြင့်ကြိုးစားတာနဲ့ အတင်းအဓမ္မကြိုးစားတာ နှစ်မျိုးကွဲပြန်တာပဲ။ မရသေးသော စည်းစိမ်ဥစ္စာတွေ ရအောင် ကြိုးစားတာတင် ဘယ်ကပါ့မလဲ။ ရပြီးသောစည်းစိမ်ဥစ္စာတွေ သူများလက်ထဲ လွှဲပေးရမှာစိုးလို့ ဘယ်လောက်ပင်ပန်းကြီးစွာနဲ့ မင်းတို့ပရိယာယ် ရွှေဥာဏ်ခြယ်လုပ်နေကြရသလဲဆိုတာလည်း သဘောပေါက်တယ်နော်။ သံဝေဂယူကြ။ တချို့ကျတော့ ငွေကြေးလည်း မမက်ပါဘူး။ ရာထူးလည်း မမက်ပါဘူး။ ဒါပေမယ့် နံမယ်လေးတော့ ကြီးချင်သေးတာတဲ့။ သူများမြှောက်ပေးတိုင်း ပေါက်ကရတွေ ရေးရေးနေတဲ့ ဆရာဝန်ကလေးတစ်ယောက်လိုပေါ့။ ဟိုလူကသိ၊ ဒီလူကသိဆို သူ့မှာ သွားကြီးကိုဖြီးလို့၊ သောက်ညင်ကပ်တဲ့သူတွေ ဘယ်လောက်ပေါသလဲဆိုတာကျတော့ မသိချင်ယောင်ဆောင်နေတာ။ အဲဒီထင်ပေါ်ကျော်ကြားမှုအတွက် အတင်းအဓမ္မလုံ့လစိုက်ပြီး ကြော်ငြာလိုက်ဝင်နေပြန်ရင်လည်း အဲဒါ မဟုတ်သေးပါဘူးတဲ့ဗျား။

တကယ်လို့များ အဲဒီအကျိုးတရားသုံးပါးဟာ တရားသဖြင့်ရလာတာမဟုတ်ပဲ ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တွေနဲ့ရလာခဲ့တယ်ဆိုရင် လောကချမ်းသာကိုရတယ်လို့ ကိုယ့်ဘာသာထင်ဦးတော့ အဲဒီချမ်းသာထဲမှာ ကိုယ့်ကို ဖြိုဖျက်မယ့် သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿတို့ အစဉ်တွဲလျက်ပါလာပါသတဲ့။ ဒါကြောင့်မို့လို့ စစ်မှန်သော အကျိုးစီးပွားကို လိုလားသူတိုင်းဟာ အဲဒီအကျိုးသုံးပါးအပေါ် အယုတ်အလွန်မရှိ၊ မျှတရုံနဲ့ ကျေနပ်ရပါသတဲ့။ ဘယ်လောက်များ ကောင်းလိုက်တဲ့ အယူအဆ အဆုံးအမတရားတော်ပါလိမ့်ဗျာ။ ဒါကြောင့်မို့ တရားနဲ့ဖြေတာ ကောင်းတယ်လို့ပြောတာ။ အဲဒီမထေရ်ကြီးကတော့ လာဘ၊ သက္ကာရ၊ သိလောကဆိုတဲ့ တရားသုံးပါးစလုံးအပေါ် မျှတရုံနဲ့ ကျေနပ်နိုင်လို့ မွေးရပ်ဇာတိက မခွာပဲ တုန့်ပြန်ကျေးဖူးပြုနိုင်အောင် ရဟန်းတရားများ အားထုတ်နေခဲ့ခြင်းပါတဲ့။

ကဲ.. ဇာတ်တော်ပေါင်းကြပါစို့။ နိဂမ၀ါသီတိဿမထေရ်ကြီးကို ဦးအိမ်ခင်ကြီးရယ်လို့ စကားတင်းဆိုကြတဲ့ သံဃာအပေါင်းတို့ကို ဘုရားရှင်က သုဝကျေးမင်းဇာတ်ကို ဟောတော်မူပါသတဲ့။ မွေးဖွားကြီးပြင်းရာ ရေသဖန်းပင်ကြီးပေါ်မှာ သဖန်းသီးများကုန်တော့ သဖန်းညွန့်၊ သဖန်းညွန့်ကုန်တော့ သဖန်းရွက် သဖန်းခေါက်တို့ကို မှီဝဲနေထိုင်တဲ့ အလောင်းတော်ကျေးမင်းကို အရှင် အာနန္ဒာအလောင်း သိကြားမင်းက ဟင်္သာအသွင်ဖန်ဆင်းပြီး `အသင်ကျေးမင်း ဤလောက၌ စိမ်းစိုသော အရွက်ရှိသည့် အပင်များစွာရှိပါလျက် ရေသဖန်းငုတ်တို၌ အဘယ်ကြောင့် ပျော်မွေ့ရပါသနည်း´ လို့ မေးသတဲ့။ ဒီအခါ ကျေးမင်းက`ဤသဖန်းပင်ကြီး စည်ပင်ဝေဖြာကြီးမားသောအခါ၌ ငါတို့သည် ပျော်ရွှင်မြူးတူးစွာ စားသောက်ခဲ့ကြကုန်၏။ ယခုမူ ငါတို့ကြောင့်ပင် သီးကင်းခြောက်သွေ့ရချေပြီ။ ထိုအခါမှ ရေသဖန်းပင်ကို စွန့်ပစ်သွားမည်ဆိုပါက ရေသဖန်းပင်အပေါ်၌ ကျေးဇူးကန်းရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် ငါ့အတွက် အာဟာရတို့ကို မျှတအောင် ရရှိသုံးဆောင်နိုင်သမျှ ကာလပတ်လုံး ဤသဖန်းပင်ကို စွန့်မည်မဟုတ်။´ လို့ ဖြေပါသတဲ့။ တရားတော်အဆုံးမှာတော့ မထေရ်ကြီးလည်း ရဟန္တာဖြစ်သွားပါတော့တယ်။

လက်စသတ်တော့ စင်ရော်မောင်မောင်နဲ့ ပေါ်လစီကားလာရိုက်နေတာကိုး လို့ သဘောပေါက်ကုန်ကြပြီ။ ဟုတ်သားပဲ။ ကိုစိုးသူတောင် လေဆိပ်က ဆိုင်းဘုတ်ကြီးမြင်တာနဲ့ ဆူဇီနိုက်ကြီးကို ပစ်ပြီး လှည့်ပြန်လာသေးတာပဲ။ (အပြင်မှာ တကယ်ထွက်သွားတော့ အဲဒီဆိုင်းဘုတ်ကြီး ဘယ်ရောက်နေပါလိမ့်) တတိယနှစ်တုန်းက ဆရာကြီးဦးသန်းအေး ပြောဖူးတဲ့ စကားတစ်ခွန်းကို ခုထိမှတ်မိနေပါသေးတယ်။ `တဆိတ်ရှိ brain drain, brain drain နဲ့။ What about undrained brain? တဲ့။ အလို့ နလို့ အစွမ်းအစမရှိလို့ သတ္တိမရှိလို့ လို့များ ထင်နေသလားမသိပါဘူးနော်။ ပြောမနာဆိုမနာ သူငယ်ချင်းတွေက `အဲဒီကောင် သောက်ရူးမို့လို့ အဲဒီမှာ ဒုက္ခခံနေတာ´လို့ အားပေးလာရင် ´ကျွန်တော် သောက်ရူး မဟုတ်ပါဘူးခင်ဗျာ။ သောက်ကောင်းပါ။ သောက်ကောင်းပါ။´ လို့ ပြောပြလိုက်ချင်ပါတယ်။ နောက်တစ်ဘွဲ့ရဖို့ ဘုန်းကြီးဝတ်မယ်ဆိုရင်တော့ နီးစပ်နေပြီလား မပြောတတ်ပါဘူး။

မှတ်ချက်။ Facebook မိတ်ဆွေတစ်ဦးဖြစ်တဲ့ မန္တလေးသား တစ်ယောက်ရဲ့ Facebook မှ ပြန်လည်မျှဝေအပ်ပါသည်။

ကျန်းမာပါစေ။

မေတ္တာဖြင့်

မေ့သားလှ(ဇလဂ္ဂ)

No comments:

Post a Comment