" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Monday, February 13, 2012

ပြဿနာဖြေရှင်းနည်းသည် ကလေးကလား ဆန်သော်လည်း



လောကသည် ပြဿနာပေါင်း များစွာ ပြည့်နက်နေသည်။ အသက်တရာ မနေရာသော်လည်း အမှုတစ်ရာ တွေ့ကြုံရနိုင်သည်ဟု ပညာရှိတို့ ဆုံးမခဲ့ကြ၏။ လူသားတို့သည် ပြဿနာတို့ကို ကိုယ်တွယ်ဖြေရှင်းယင်းဖြင့်ပင် အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်လာသော အနေထားသို့ ရောက်ရှိလာကြပေသည်။ တနည်းဆိုရလျှင် လူမှန်လျှင် ပြဿနာ အခက်ခဲတစ်စုံတရာ တွေ့ကြုံရပေမည်။ လူသားတို့သည် ပြဿနာအခက်ခဲကြောင့်ပင် ယင်းတို့အတွက် ရုန်းကန်လှုပ်ရှားရင်း တိုးတက် ဖြစ်ထွန်းလာရပေသည်။ လောကတွင် ဖြေရှင်း၍ မရသော ပြဿနာဟူ၍တော့ မရှိ။ ဖြေရှင်းနည်း မသိသေးသောကြောင့်သာ ပြဿနာ ရှိကြသည်။ တစ်ခါတစ်ရံ ယင်းပြဿနာဖြေရှင်းနည်းသည် ကလေးကလားဆန်ကောင်းဆန်ပေလိမ့်မည်။ ထိုကလေးကလားဆန်သည်ဟုထင်ရသော်လည်း ဖြေရှင်းနည်းတစ်ခုကို နမူနာတင်ပြလိုသည်။

၁၉၁၆ခု၊ နှစ်က အမေရိကန်နိုင်ငံ ယူတာပြည်နယ်ရှိ ဗာနက်လ်မြို့လေးတွင် ပြည်သူပြည်သားများ ဘဏ်အဆောက်အဦတစ်ခု တည်ဆောက်ကြသည်ဟူ၏။ ဘဏ်တည်ဆောက်လုပ်ရန် ပြဿနာအခက်ခဲ ရှိကြ၏။ ထိုအခက်ခဲမှာ ဘဏ်အဆောက်အဦအတွက် အုဌ်ခဲများကို ဆော့လ်လိပ်စီးတီးမှ နေ၍ ရထားဖြင့် သယ်ရမည်ဟုဆို၏။ သယ်ယူခစရိတ်က တပေါင်အလေးချိန်ကို ဒေါ်လာ ၂ ဒသမ ၅၀ ကုန်ကျမည်ဟုဆို၏။ ဤမတန်တဆ ဈေးနှုန်းကို မြို့မိမြို့ဖများ ကုန်ကျခံနိုင်ခြင်းမရှိ။ အုဌခဲမရလျှင်လည်း ဘဏ်ဖြစ်လာဖို့ အကြောင်းတစ်စုံ တစ်ရာမရှိ။ လက်မှိုင်ချကာ နေရမည့်အနေထားတွင် ရှိခဲ့သည်။ သို့သော် လုပ်ငန်းရှင် တစ်ဦးက ထိုပြဿနာကို ရှု့ဒေါင့်တစ်မျိုးမှ သုံးသပ်စဉ်းစားကြည့်မိ၏။

အုဌ်ခဲများကို စာတိုက်မှ ပို့လျှင် အလေးချိန်တစ်ပေါင်လျှင် ဒေါ်လာ ၁ ဒသမ ၀၅ ဒေါ်လာ ကုန်ကျမည်ဖြစ်၏။ ရထားပို့ခစရိတ်နှင့်စာလျှင် ၁ ဒသမ ၄၅ ဒေါ်လာ သက်သာသည်။ သို့ဖြစ်၍ ပါဆယ်တစ်ထုပ်လျှင် အုဌ်ခဲနှစ်လုံးကျ ထုတ်၍ စာတိုက်မှ ပို့ဆောင်၏။ ဤသိုဖြင့် ဗာနက်လ်မြို့လေးသည် ကမ္ဘာပေါ်တွင် စာတိုက်မှ ပေးပို့သော အုဌ်ခဲများဖြင့် တည်ဆောက်ထားသော ဘဏ်တိုက်တစ်ခုအဖြစ် မော်ကြွားနိုင်ခဲ့၏။ ဤကဲ့သို့ အုဌ်ခဲတွေကို စာတိုက်မှ ပို့ရအောင် ဟု အတွေးအကြံ စဉ်းစားပုံစဉ်းစားနည်းသည် ရယ်ဖွယ်ကောင်းသောအကြံ၊ အတွေးခေါင်သော အကြံ စိတ်ကူး ဖြစ်ချင်ဖြစ်ပေလိမ့်မည်။ သို့သော် ကာလံဒေသံ သဘောအရ ရွှေဥာဏ် ဖြစ်ပေါ်လာတတ်ပါသည်။ ထို့ကြောင့် ပြဿနာ အခက်ခဲ တစ်စုံတစ်ရာကို ဖြေရှင်းရန်အတွက် မထင်မှတ်သော ရှု့ဒေါင့်များမှလည်း ရှု့မြင်သုံးသပ်သင့်သည်။

ထို့ပြင် လူသားအားလုံးမှာ ပြဿနာကိုယ်စီ၊ အခက်ခဲကိုယ်စီ၊ အားနည်းချက် ကိုယ်စီရှိကြသည်ကို မေ့မထားသင့်။ သို့သော် ယင်း အခက်ခဲ အားနည်ချက်တွေက မိမိတို့၏ ဘဝတွေကို အလွန်တရာ စိတ်ဝင်စားဖို့ ကောင်းသလို ဘဝဆုလာဒ်တွေအဖြစ်လည်း အသိဥာဏ်အလိုက် ပြောင်းလဲပြစ်နိုင်သည်။ ဤစကားနှင့်စပ်၍ မိမိဖတ်ခဲ့ဖူးသည့် အက်ရာနှင့် အိုးလေးကို ထမ်းလာသော ရေထမ်းသမားလေး ပုံပြင်လေးကို ဗဟုသုတအဖြစ် တင်ပြချင်သည်။
တစ်ခါက ရေထမ်းသမားတစ်ဦးမှာ ရေအိုးနှစ်လုံး ရှိသတဲ့။ ရေအိုးတစ်လုံက အက်ရာနှင့် နောက်တစ်လုံးကတော့ အကောင်းပကတိပင် ဖြစ်၏။

ရေထမ်းသမားက ယင်းအိုးနှစ်လုံးကို ထမ်းပိုးတစ်ဘက်တစ်ချက်စီမှာ ချိတ်ဆွဲပြီး ရေထမ်းထွက်လေ့ရှိ၏။ ထိုအခါ အက်ရာနှင့်အိုးမှ ရေစိမ့်ထွက်ကျနေ၏။ အိမ်အရောက် ဘယ်သောအခါမှ ရေအပြည့်ပါသည်မရှိ။ ကျန်တစ်လုံးကတော့ အပြစ်အနာအဆာ အက်ကွဲရာ မရှိသည့်အတွက် ရေကို အိုးအပြည့်သယ်ပေးနိုင်၏။ အလွန်ဝေးလှသည့်ခရီးကို ဖြတ်သန်းပြီး ရေထမ်းသမားလေး ရေထမ်းပြီး ပြန်လာတိုင်း အက်ရာနှင့်အိုးလေး ဘယ်တော့မှ အပြည့်မပါဘဲ တစ်ဝက်လောက်သာ ပါလေတော့၏။ ဒီလိုနဲ့ ရေထမ်းသမား ရေသယ်လာလိုက်တာ ၂ နှစ် ၃ နှစ်လောက်တောင် ကြာသွားလေတော့၏။ စိတ်ပျက်သည်မရှိ။ အကောင်းပကတိ ရှိနေသည့်အိုးကတော့ အမြဲရေအပြည့်သယ်ပေးနိုင်သည့်အတွက် သူ၏အပြစ်ကင်းမှုအပေါ် ဂုဏ်ယူဝင့်ကြွားဟန်ပြနေ၏။ အက်ရာနှင့်အိုးလေးခမျာမှာတော့ သူ၏အပြစ်အနာအဆာ အက်ကွဲရာကြောင့် ရေထမ်းသမားလေး ပင်ပင်ပန်းပန်းရေထမ်းရကျိုးမနပ် ဖြစ်နေတာကို တွေးတွေးပြီး ရှက်လို့မဆုံး ဝမ်းနည်းလို့ မဆုံး ဖြစ်နေရှာ၏။

ဒီလိုနှင့် ခါးသည်းလှသည့် မအောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ၊ အားငယ် သိမ်ငယ်မှုတွေကို ဆက်လက် မျိုသိပ်ကာ အက်ရာနှင့်အိုးလေးက သည်းမခံနိုင်တော့။ တစ်နေ့သောအခါမှာ မြစ်ကမ်းနားဘေးမှာ ရေခပ်နေသည့် ရေထမ်းသမားလေးကို သူ၏အားနည်းချက်ကို အက်ရာနှင့်အိုးလေးက ဖွင့်ဟ ဝန်ခံလေတော့၏။ ကျွန်တော့ အားနည်းချက် အပြစ်အနာအဆာအတွက် ခွင့်လွှတ်ပါခင်ဗျာတဲ့။ ကျွန်တော့မှာ ရှိနေသည့် ဤအက်ရာကနေ ရေအမြဲယိုစိမ့်ပြီး လမ်းမှာ ကျကျန်နေရစ်ခဲ့လို့ ကျွန်တော်ဘယ်တော့မှ သခင်အတွက် ရေအပြည့် ဆောင်ယူမပေးနိုင်ခဲ့ပါဘူး။ ကျွန်တော့၏ ချွတ်ယွင်းအားနည်းချက်ကြောင့် သခင်၏ လုပ်အားခတွေ ပိုပြီးတော့ ဆုံးရှုံး ပင်လည်း ပင်ပန်းခဲ့ရပါသည်။ တာဝန်မကျေသည့်အတွက် ခွင့်လွှတ်ပါ။ တဲ့။

အက်ရာနှင့်အိုးလေးက သခင်အား သူ၏ အားနည်းချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြသောအခါ ရေထမ်းသမားလေးကလည်း စိတ်ပျက်အားငယ်မှု မရှိရန်အတွက် အက်ရာနှင့် အိုးလေးကို အားပေးနှစ်သိမ့် ပြောပြရှာသတဲ့။ အက်ရာနှင့်အိုးလေး မင်းရဲ့ အခြားတစ်ဘက်မှာ မင်း ပန်းမာလာတွေကို မတွေ့ရဘဲ မင်းဘက်အခြမ်းမှာသာ ပန်းပင် ပန်းပွင့်တွေကို တွေ့ရတယ် မဟုတ်လား။ ငါက မင်းရဲ့အားနည်းချက်ကို သိတယ်။ ဒါကြောင့် ငါက မင်းရဲ့ဘက်အခြမ်းမှာ ပန်းမျိုးစေ့တွေကို ပျိုးချစိုက်ပျိုးခဲ့တယ်။ အိမ်အပြန်လမ်းတစ်လျှောက်လုံး မင်းဆီက ယိုစိမ့်ထွက်ကျခဲ့တဲ့ ရေတွေကဘဲ ဒီပန်းမျိုးစေ့တွေကို ကြီးထွားရှင်သန်ခဲ့စေတာပေါ့။ ခုဆို အဲဒီပန်းပင်လေးတွေက အပွင့်တွေ ပွင့်လေးလို့ ငါ့အိမ်အပြန်လမ်းခရီးမှာ သူတို့ကို ခူးခဲ့ပြီး ပန်းအိုးထိုးရလို့ လှပတင့်တယ်နေပြီ။ မင်းရဲ့ အက်ရာ အပြစ်အနာအဆာသာ မရှိခဲ့ရင် အခုလို ကျက်သရေရှိပြီး လှပအောင် ဘယ်လို အလှ ဆင်နိုင်မှာလဲဟု အက်ရာနှင့်အိုးလေးကို ကျေးဇူးလည်း အထူးတင်ကြောင်း ရှင်းပြလေသတဲ့။

ဤပုံပြင်လေးကို ဖတ်ရှု့ခြင်းအားဖြင့် လူသားအားလုံးမှာ ပြဿာနာ အခက်အခဲ အားနည်းချက် ဆိုတာ တစ်နည်းမဟုတ် တနည်း ရှိကြပါသည်။ ဘယ်လိုအနေထားမှာဘဲ ဖြစ်ဖြစ် လူသားအားလုံးတို့သည် ကောင်းကွက်လေးတွေကို မြင်တတ်ဖို့ ကြည့်တတ်ဖို့လည်း လိုပါသည်။ မထင်မှတ်သည့် ဘက်ကလည်း တွေးတောဆင်ခြင်မှုတို့က ကောင်းကျိုးရလာဒ်တွေကို ဖန်တီးပေးနိုင်ပါသည်။ ချို့ယွင်းနားနည်းချက်လေးများကို မှန်မှန်ကန်ကန် အသုံးချတတ်အောင် စဉ်းစားတွေးခေါ်ပုံ တွေးခေါ်နည်းတို့ဖြင့် အကောင်းဖက်ကိုလည်း သုံးသပ်တွေးပေးတတ်ဖို့ အရေးကြီးပါသည်။ ဤသို့ဆိုလျှင် စိတ်ပျက်အားငယ်နေမည့်အစား ဘဝကောင်းကျိုး ဘဝကောင်းချီးတွေလည်း လက်ဆုပ်လက်ကိုင် ကိုယ်ပိုင်ရရှိလာနိုင်မည် ဖြစ်ပါကြောင်း။

မေတ္တာဖြင့်
မေ့သားလှ(ဇလဂ္ဂ)
၂-၁၃-၂၀၁၂

No comments:

Post a Comment