" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Sunday, February 19, 2012

လောကဓံမုန်တိုင်းများ နှင့် ကြံ့ခိုင်သည့်စိတ်ထား


လောကဓံမုန်တိုင်းများနှင့်ကြံ့ခိုင်သည့်စိတ်ထား တဲ့။ လောကမှာလူတွေ တွေ့ ကြုံနေရတဲ့လောကဓံဟာ မုန်တိုင်းလိုပြင်းထန်တယ်။ မုန်တိုင်းလိုပြင်းထန်နေတဲ့လောကဓံနဲ့ တွေ့ ကြုံတဲ့အခါမှာ ကြံ့ခိုင်တဲ့စိတ်ထားမရှိဘူးဆိုရင်ပြိုလဲသွားနိုင်တယ်။ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ဟောထားတဲ့ လောကဓမ္မသုတ် ( အကျဉ်း အကျယ် ) ၂ သုတ်ရှိတယ်။ အဂုင်္တ္တရနိကာယ် အဌကနိပါတ်မှာ လောကဓမ္မသုတ် လို့ မြတ်စွာဘုရားဟောကြားထားတာ။ မြတ်စွာဘုရားက လောကသဘာဝကို ရှစ်မျိုးခွဲပြီး လောကဓမ္မသုတ်မှာဟောထားတာ။ အဲဒီရှစ်မျိုးကဘာတွေတုန်းဆိုတော့ -

၁။ လာဘော = ကိုယ်လိုချင်တာရတယ်

၂။ အလာဘော = ကိုယ်လိုချင်တာ မရဘူး။

၃။ ယသော = အခြံအရံရှိတယ် ( သို့ ) ကျော်ဇောထင်ရှားတယ်

၎။ အယသော = အခြံအရံကင်းမဲ့တယ် ( သို့ ) မကျော်ဇောဘူး။

၅။ နိန္ဒာ = ကဲ့ရဲ့ မှုကိုခံရတယ်

၆။ ပသံသာ = ချီးမွမ်းခံရတယ်

၇။ သုခ = ကိုယ်စိတ်နှစ်ပါးချမ်းသာတယ် ၊ အဆင်ပြေတယ်။

၈။ ဒုက = ကိုယ်စိတ်နှစ်ပါးမချမ်းသာဘူး ၊ အဆင်မပြေဘူး။

ဟော အားလုံးပေါင်းလိုက်တော့ လောကဓံရှစ်မျိုးတဲ့။ လောကမှာ ဘုရားရှင်ရော သတ္တ၀ါတွေ ကြုံတွေ့ နေရတဲ့ ၊ လူသားတွေ ကြုံတွေ့ နေရတဲ့ သဘာဝ ၈ မျိုးလို့ ပြောတာနော်။ အဲဒီ ၈ မျိုးဟာ သတ္တလောက နဲ့ အမြဲတမ်းဆက်သွယ်နေတယ်။ အဲလိုအမြဲတမ်းဆက်သွယ်မှုရှိနေတဲ့ မတည်ငြိမ်တဲ့ အနေအထားနဲ့ ပတ်သတ်ပြီးတော့ စိတ်ဓာတ်တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့ က အလုပ်ပဲနော်။

လောကထဲမှာ နေထိုင်တာဖြစ်တော့ လောကဓံ ၈ မျိုးက တစ်မျိုးမျိုးနဲ့ လူတွေကြုံတွေ့ နေရမှာပဲ။ မကြုံတွေ့ တဲ့လူမရှိဘူး။ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးလည်း လောကဓံနဲ့ ကြုံရတာပဲ။ အရှင်သာရိပုတ္တရာ ၊ ရှင်မဟာမောဂ္ဂလန် စတဲ့ ရဟန္တာတွေလည်း လောကဓံနဲ့ ကြုံရတာပဲ။ မည်သည့်ပုဂ္ဂိုလ် သတ္တ၀ါဖြစ်စေ လောကထဲမှာနေရင် လောကရဲ့ သဘာဝနဲ့ ဆက်စပ်နေမှာပဲလို့ ပြောတာနော်။ အဲဒီလို ဆက်စပ်နေတဲ့အခါမှာ မဆက်စပ်အောင်လုပ်လို့ ရပါ့မလား။ အေး….မရဘူးနော်။ လောကရဲ့ သဘာဝတွေကို ဖျောက်ဖျက်ပစ်လို့ မရဘူး။ ကိုယ်လုပ်နိုင်တာ ဘာတုန်းဆိုရင် ကြံ့ခိုင်တဲ့စိတ်ထားရှိအောင်လုပ်ဖို့ ပဲ။ ဒါကိုယ်လုပ်လို့ ရတာပဲ။ အဲဒီတော့ ကိုယ်လုပ်လို့ ရတာကို လုပ်ရမယ်လို့ ဆိုလိုတယ်။ လောကဓံနဲ့ တွေ့ တဲ့အခါ စိတ်နေစိတ်ထား ဘယ်လိုထားရမလဲဆိုတာသိဖို့ အရေးမကြီးဘူးလား ၊ အရေးကြီးတယ်။

လောကဓံနဲ့ ကြုံရင် ဘယ်ပုံဘယ်နည်းနှလုံးသွင်းမယ်ဆိုတာ သိပ်အရေးကြီးတယ်။ လာဘ ဆိုတဲ့ နံပါတ် ၁ လောကဓံကိုပဲကြည့်။ လူတွေမှာ တစ်စုံတစ်ခုရယူလိုမှုနဲ့ ကြိုးပမ်းအားထုတ်နေကြရတာ။ ဘာကိုရလိုမှုလဲဆိုရင် ချမ်းသာသုခ ၊ ချမ်းသာပျော်ရွှင်မှုကိုရယူလိုကြတယ်။ ကြိုးပမ်းအားထုတ်တဲ့အခါ တစ်ခါတစ်ရံကျတော့ ရတယ်။ တစ်ခါတစ်ရံကျ မရဘူး။ ဒါကအခြေအနေတစ်ခုကိုပြောတာ။ အေး….ရတဲ့အခါရှိသလို မရတဲ့အခါလည်းရှိတယ်။ ဘာပဲဖြစ်ဖြစ် ရချင်လို့ ကြိုးပမ်းတာ။ ရချင်လို့ ကြိုးပမ်းတာ ရလာလို့ ရှိရင် မပျော်ကြဘူးလား။ ရပြီဆိုရင် ပျော်ကြတာပဲ။ အဲဒီပျော်တာလည်း လောကရဲ့ သဘာဝတရားမုန်တိုင်းနဲ့ တိုက်လိုက်လို့ သူဟာ လှုပ်သွားတယ်လို့ ခေါ်တယ်။ အေး….လူတွေက အဆိုးလောကဓံနဲ့ ကြုံရင် “လောကဓံနဲ့ ကြုံလို့ ” ဆိုပြီးညည်းကြတယ်။ ကောင်းတာလေးနဲ့ တွေ့ ပြီဆိုရင် မှိန်းနေတာ။ လောကဓံမှန်းတောင်မသိဘူး။ ပြောလည်းမပြောတော့ဘူး။ အောင်မြင်ကြီးပွားနေရင် လောကဓံလို့ မထင်ဘူး။ အဲဒါလည်း လောကဓံပဲ။ အောင်မြင်ကြီးပွားလာရင် စိတ်ဓာတ်တက်ကြွမှုတွေ မာန်မာနတွေဖြစ်လာတယ်။ စိတ်ဓာတ်ဟာ တသမတ်တည်း တည်ငြိမ်နေတာမျိုးမဖြစ်ဘူး။ အေး….ငါလိုလူ ဇမ္ဗူမှာရှိသေးရဲ့ လားလို့ ထင်တယ်။ လုပ်ချင်တာတွေ အကုန်လုပ်တယ်။ ကိုယ်ရချင်တာတွေ အကုန်ရပြီးပျော်လိုက်တာ။ ဟော စိတ်ဓာတ်တွေတက်ကြွ ဘယ်သူ့ ကိုမှတောင်လူမထင်ဘူး။ ကိုယ်လုပ်ချင်တာ အကုန်ရတယ် ဆိုပြီး လာဘလောကဓံရလာပြီဆိုရင် မောက်မာလာတယ် ၊ တက်ကြွလာတယ်။ ခြေဖျားထောက်လာကြတယ်။ ဒါလောကဓံမခံနိုင်တာလို့ ခေါ်တယ်။ ဒါပေမယ့်အများစုက ရတာကိုလောကဓံလို့ မထင်မှတ်ကြဘူး။

အေး…ကောင်းပြီ လိုချင်တာတွေမရဘူး။ လူကြီးတွေ တစ်စုံတစ်ခုပျက်ဆီးဆုံးရှုံးပြီဆိုရင် စိတ်ဓာတ်တွေကျလာတယ် ၊ ဒါလောကဓံပဲ။ ကိုယ်လိုချင်တာ မရတော့ဘူးဆိုရင် စိတ်ဓာတ်တွေညှိုးငယ်ပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိဖြစ်သွားတတ်တယ်နော်။ ဒါလောကရဲ့ သဘာဝအတိုင်းဖြစ်တာကို စိတ်ကလိုက်ပြီးတော့ လှုပ်ရှားတာ။ မုန်တိုင်းဒဏ်ကိုမခံနိုင်သလိုပဲတဲ့။

ရတယ်ဆိုတာလည်း မုန်တိုင်းပဲ။ မရဘူးဆိုတာလည်းမုန်တိုင်းပဲ။ ကိုယ့်စိတ်ကို လာတိုက်ခိုက်တာတွေချည်းပဲ အကုန်လုံး။ အဲဒီတိုက်ခိုက်တဲ့အခါမှာရလာတဲ့ လာဘ ဆိုတဲ့ လောကဓံတိုက်ခိုက်လည်း မာန်မာနတွေ မတက်ကြွဖို့ ၊ အလာဘ မရဘူးဆိုတဲ့လောကဓံလာတိုက်ခိုက်ရင်လည်း စိတ်ဓာတ်မတုန်လှုပ်ဖို့ စိတ်ဓာတ်မကျဖို့ ၊ အဲလိုတည်ငြိမ်တဲ့စိတ်ထားကို ထိန်းနိုင်ပြီဆိုမှ ကြံ့ခိုင်တဲ့စိတ်ထားဖြစ်တာနော်။

မြတ်စွာဘုရားက လောကဓံနဲ့ ပတ်သတ်လာလို့ ရှိရင် လောကဓံကိုရှောင်ကွင်းရမယ်လို့ မဟောဘူး။ ဖြစ်လည်းမဖြစ်နိုင်ဘူး။ လောကဓံကိုရှောင်ကွင်းနိုင်တဲ့လူရှိလည်းမရှိဘူး။ ဖြစ်လည်းမဖြစ်နိုင်ဘူး။ လောကကြီးကနေ ထွက်ပြေးလို့ လည်းမရဘူး။ တချို့ ကထင်တယ် လောကဓံနဲ့ တွေ့ လို့ လောကကြီးကထွက်ပြေးရင် လွတ်မြောက်သွားမယ် ၊ အဲဒီအတွေးမျိုး တွေးတဲ့သူကဘာပြောသလဲဆိုရင် “သေ ၊ အေးတာပဲ” လို့ ပြောကြသေးတယ်နော်။ ဘယ်အေးမလဲ ၊ သေတဲ့နောက်မှာပိုဆိုးဦးမယ်။ အခုရရှိထားတဲ့လက်ရှိဘ၀လေးက ဘုရားမှန်း ၊ တရားမှန်း ၊ သံဃာမှန်းသိသေးတယ်။ တရားအားထုတ်လို့ လည်းရသေးတယ်။ သေသွားပြီးတဲ့နောက် ဘယ်ရောက်မယ်မှန်းလည်းမသိပဲနဲ့ ၊ ဘယ်လိုလုပ်ပြီးအေးမလဲနော်။ မအေးနိုင်ဘူး။ နောက်ဘ၀က ပိုပြီးတော့ စိတ်မအေးရသေးတယ်။

ကြံခိုင်အောင်ထားဖို့ ဆိုတာ ဘယ်လိုနည်းနဲ့ ထားရမလဲ။ ကြံ့ခိုင်အောင် ထားတဲ့နည်း မြတ်စွာဘုရားက အဲဒီသုတ္တန်မှာပေးထားတယ်။ ကြံ့ခိုင်အောင်ထားတဲ့နည်းက ဘယ်လိုတုန်း ? တစ်စုံတစ်ခု ကိုယ်ကြိုးပမ်းအားထုတ်လို့ ရလာပြီ ၊ လာဘ ဆိုတဲ့လောကဓံနဲ့ ကြုံတွေ့ လာပြီ ၊ တစ်စုံတစ်ခု ကြိုးပမ်းအားထုတ်လို့ မရဘူး ၊ ဆုံးရှုံးနစ်နာမှုတွေနဲ့ ကြုံလာတယ် ၊ အလာဘ ဆိုတဲ့ လောကဓံနဲ့ ကြုံလာတယ်ဆိုရင် အခုအခံ နှလုံးသွင်းတရားနဲ့ မြတ်စွာဘုရားက စဉ်းစားဆင်ခြင်ဖို့ နည်းပေးထားတယ်။

ဘယ်လိုစဉ်းစားရမလဲ ? သြော်....ငါလိုချင်တာတွေတော့ ရပြီ ၊ ရလာတာဟာ ထာဝရလား ? တစ်ခဏလား ? စဉ်းစားလိုက်တဲ့အခါ အဖြေပေါ်လာတယ်။ လောကမှာ ထာဝရဆိုတာ ဘယ်ဟာမှမရှိဘူး။ တစ်ခဏလေးတွေချည်းပဲ။ လာဘ ဆိုတာ ငါအောင်အောင်မြင်မြင်ရလာပြီ။ ငါရလာတဲ့ လာဘဟာ တစ်ခဏပဲ။ ထာဝရမဟုတ်ဘူး။ အနိစ္စ - မမြဲတဲ့သဘော။ ၀ိပရိဏာမဓမ္မ ၊ ရလာတဲ့အခြေအနေတစ်ခုကနေ မရဘူးဆိုတဲ့အခြေအနေတစ်ခု ပြောင်းလဲသွားနိုင်သေးတယ်။ "အညထာဘာဝ" တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်သေးတယ်။ ငါထင်ထားတဲ့အတိုင်း မဖြစ်နိုင်ဘူး။ ဟောဒီလိုတွေးပေးပါတဲ့။

သာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေက အဲလိုမတွေးဘူး။ လိုချင်တာတွေရရင် မြောက်ကြွ မြောက်ကြွ နဲ့ မာန်မာနတွေဖြစ်လာလိုက်တာ အလွန်ပဲ။ အေး.......မရတဲ့အခါကျတော့ မစဉ်းစားဘူး။ ငါ့ကံနှယ် ဆိုးလိုက်ပါဘိတော့တယ် လို့ ဒီလိုတွေးပြန်တယ်။ "ငါ့ကံကို ဆိုးတာ။ ကံဆိုးလို့ လောကကြီးမှာမနေတာကောင်းပါတယ်" ဆိုပြီး ဟော နောက်ဆုံး ကိုယ့်ကိုကိုယ်သတ်သေတာတို့ ၊ ရင်ထုမနာဖြစ်ပြီငိုတာတို့ ၊ စိတ်ဓာတ်တွေကျနေတာတို့ ၊ အဆိပ်သောက်သေတာတို့ မဖြစ်လာဘူးလား ၊ အေး.....စိတ်ဓာတ်ကြံ့ခိုင်မှုမရှိတဲ့ပုဂ္ဂိုလ်တွေမှာဖြစ်တယ်။ လောကမှာကြုံတွေ့ ရတဲ့ သဘာဝတရားတွေအပြင် သူတို့ က ထပ်ဆင့်ပြီးတော့ ဒုက္ခတွေကိုဖြစ်စေပြန်တာပဲ။

အဲဒါကြောင့်မြတ်စွာဘုရားက စဉ်းစားတဲ့။ တစ်စုံတစ်ခုအောင်မြင်မှုကိုရလာလို့ ရှိရင်လည်း "သြော် ဒီရတယ်ဆိုတာ မြဲတဲ့အရာမဟုတ်ဘူး။ တစ်ခဏလေးသာဖြစ်တယ်။ ပြောင်းလဲသွားနိုင်သေးတယ်။ အခြေအနေတစ်ခုပျက်ဆီးသွားနိုင်သေးတယ်။ ငါဘာလုပ်သင့်သလဲ ? လုပ်သင့်တဲ့အလုပ် လုပ်မှပဲ။ ရလာတာအတွက် ငါဘယ်လိုအကျိုးရှိအောင် အသုံးချမလဲ ?" အဲဒီလို စဉ်းစားပါတဲ့။

မရဘူးဆိုလို့ ရှိရင်လည်း ဒီလိုပဲ စဉ်းစားရမယ်။ အေး...."မရဘူးဆိုတာလည်း တစ်ခဏပဲ။ အခြေအနေမပေးသေးလို့ မရတာ။ အခြေအနေပေးလာရင် ရမှာပေါ့။ မရလို့ ရှိရင် ရှိတာနဲ့ ငါရောင့်ရဲရမယ်။ ထပ်ပြီးတော့ ကြိုးစားရမယ်။ မရဘူးဆိုတာလည်း နိစ္စ - ထာဝရမဟုတ်ဘူး။ အနိစ္စ - တစ်ခဏမျှသာဖြစ်တယ်။ မမြဲတဲ့သဘောပဲ။ တစ်ချိန်ကျတော့ ပြောင်းလဲလာဦးမှာပဲ" ဆိုပြီးတော့ ကိုယ့်စိတ်ကလေးကို ကိုယ်ပြန်ထိန်းတဲ့။

အဲလိုစဉ်းစားရင် ရလာတာကို အကြောင်းပြုပြီးတော့လည်း မာန်မာနတွေမဖြစ်ဘူး။ စိတ်ဓာတ်တွေ မတက်ကြွဘူး။ မရတာကို အကြောင်းပြုပြီးတော့လည်း စိတ်ဓာတ်တွေမကျဘူး။ Depression မဖြစ်ဘူးပေါ့နော်။ အဲဒါကို "ကြံ့ခိုင်သည့်စိတ်ထား" လို့ ပြောတာ။

ဒီစိတ်ထားမျိုးက သူ့ ဘာသာသူ အလိုလိုတော့ဖြစ်လာမှာမဟုတ်ဘူး။ ကိုယ်ကိုတိုင်ကလေ့ကျင့်ရမယ်။ မြတ်စွာဘုရားက "ဒီလိုစဉ်းစား" လို့ စဉ်းစားနည်းကိုပြောတာ။ ဒါဒီသုတ္တန်မှာတစ်ခုဟောထားတာနော်။ ဒီလိုစဉ်းစားပါလို့ ။

နောက်စဉ်းစားတဲ့နည်းလေးတစ်ခုက ဘယ်လိုတုန်းဆိုတော့ အေး ... လာဘ ဆိုတဲ့ရလာတဲ့ လောကဓံနဲ့ ကြုံလာတယ်။ အောင်မြင်ကြီးပွားလာလို့ ရှိရင် "အေး.....အောင်မြင်ကြီးပွားနေတာကို ငါဝမ်းသာပြီးတော့ မာန်မာနတွေတက်ကြွပြီး နေမယ်ဆိုရင် ဘေးကလူတွေက ငါ့ကိုအမြင်ကတ်လာနိုင်တယ်။ တစ်စုံတစ်ခုကို အကျိုးရှိတဲ့အလုပ်ကို လုပ်ရမယ်ဆိုတဲ့ အသိဥာဏ်တွေလည်း ငါ့မှာရှိမှာမဟုတ်ဘူး။ ဒါကြောင့် ဒါတွေဟာအထင်ကြီးစရာလည်းမလိုဘူး။ ရလာတဲ့အချိန်ကလေးမှာ အကျိုးရှိအောင် လုပ်မယ်ဆိုတဲ့နည်းလမ်းလေးတစ်ခုကို စဉ်းစားဆင်ခြင်ပြီး လုပ်သင့်တယ်" တဲ့။ ဟုတ်လား။

မရလာဘူးဆိုရင်လည်း "အေး......မရလို့ စိတ်ပျက်တာဟာ အဖြေမဟုတ်ဘူး။ စိတ်ပျက်နေသည့်အတွက် ရလာမှာလည်း မဟုတ်ဘူး။ ဒါကြောင့် ငါအခြေအနေမပေးသေးလို့ ၊ ရနိုင်တဲ့အနေအထားလေးတွေ ငါ့မှာမရှိသေးလို့ ၊ ဘယ်ဘက်က ငါ့မှာချို့ ယွင်းနေသလဲ" ဆိုတဲ့ချို့ ယွင်းချက်ကိုကြည့်ပြီးအဖြေရှာရမယ်။ မရလာသည့်အတွက်ကြောင့် စိတ်ဓာတ်မကျပဲနဲ့ အဖြေရှာပြီးတော့ ရအောင် ကြိုးစားတာ။ ဒါမှန်ကန်တဲ့နည်းလမ်းတစ်ခုပဲ။ အေး........လောကဓံဆိုတာ ကိုယ်လိုချင်တာတွေရလာရင်လည်း လောကဓံပဲ။ မရဘူးဆိုလည်း လောကဓံပဲ။

ယသ ၊ အယသ

ယသ ၊ အယသ ဆိုတာ လောကမှာ အခြွေအရံတွေနဲ့ ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး ဒီလိုနေရတဲ့အလှည့်ရှိတယ်။ တစ်ခါတစ်လေကျတော့ မရှိဘူး။ တစ်ယောက်တည်း ငုတ်တုတ်။ ဒီလိုလည်းဖြစ်တတ်သေးတယ်နော်။ အခြံအရံများတဲ့အခါရှိသလို ၊ အခြံအရံမရှိတဲ့အခါလည်းရှိတယ်။ အခြံအရံများလို့ ရှိရင် ၊ အသိုင်းအ၀ိုင်းများလို့ ရှိရင် စိတ်ဓာတ်က တစ်မျိုး ၊ အသိုင်းအ၀ိုင်းမရှိဘူး ၊ တစ်ယောက်တည်း ဘယ်သူကမှ အဖက်မလုပ်ဘူး ၊ ကိုယ့်ကို အပေါင်းအသင်းမလုပ်ဘူးဆိုရင် စိတ်ဓာတ်ကတစ်မျိုးဖြစ်သွားပြန်တယ်။ အဲဒါကြံ့ခိုင်တဲ့စိတ်ထားမရှိလို့ ပဲတဲ့။

အခြံအရံနဲ့ နေလို့ ရှိရင် "သြော် ဒီအခြံအရံတွေ ငါနဲ့ အတူတကွနေတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာ ကောင်းကျိုးကိုငါဘာလုပ်ပေးရမလဲ။ သူတို့ ရဲ့ ကောင်းကျိုးကို ငါဘာအကျိုးပြု၊နိုင်သလဲ" အဲလိုစဉ်းစားရမယ်။ အခြံအရံမဲ့လာပြီဆိုလို့ ရှိရင် ၊ တစ်ယောက်တည်းနေတဲ့အခါကျလို့ ရှိရင် "သြော်.....တရားနှလုံးသွင်းဖို့ ငါ့မှာအချိန်ရလိုက်တာ။ ငါလုပ်ချင်တာတွေကောင်းကောင်းမွန်မွန်လုပ်လို့ ရပြီ။ " ဟော....အဲဒီလိုစဉ်းစားလိုက်လို့ ရှိရင် စိတ်ဓာတ်ကျစရာတွေရှိပါ့မလား။ မရှိဘူးနော်။

အဲဒီလိုမတွေးပဲနဲ့ "သြော်....ငါ့ဆီဘယ်သူမှမလာကြဘူး။ ငါတစ်ယောက်တည်းပစ်ထားတယ်" ဆိုရင် စိတ်ထဲမှာ Lonely ဖြစ်လာတယ်။ လူတွေမှာ Lonley ဖြစ်လာရင် Depression ဖြစ်ပြန်ရော်။ အဲဒီလို "အယသ" လို့ ခေါ်တဲ့ တစ်ကိုယ်တည်းနေရပြီ အခြံအရံကင်းမဲ့ပြီဆိုရင် လူတွေမှာ စိတ်ဓာတ်ကျသွားတတ်တယ်။ အဲဒီလိုစိတ်ဓာတ်မကျအောင် တစ်ယောက်တည်းနေရပြီဆိုရင် အကျိုးရှိတဲ့အလုပ်ဘာရှိလဲ ? အကျိုးရှိအောင် ငါဘာလုပ်မလဲ ? ကိုယ့်မှာအဖော်ကောင်းတစ်ခုရှာထားဖို့ လိုတယ်။ အဖော်ကောင်းဆိုတာ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအတွက် ကမ္မဌာန်းနဲ့ နေတယ် ၊ တရားနှလုံးသွင်းပြီးနေတယ်။ Lonley မဖြစ်ဘူး။ စိတ်ဓာတ်ထိန်းသွားနိုင်တယ်။

အေး.....ဒါကြောင့်မို့ လို့ အခြံအရံများတယ်ဆိုရင်လည်း ကိုယ့်စိတ်က စဉ်းစားရမှာ "သူတို့ အတွက် ငါဘာလုပ်ပေးရမလဲ ?" ဒါကြည့်။ စိတ်ဓာတ်တွေတက်ကြွပြီးတော့ "သြော် ငါ့မှာ နောက်လိုက်နောက်ပါတွေများနေတယ်" ဆိုပြီးအထင်မကြီးနဲ့ ။ "အခုလိုဖြစ်တာလည်းတစ်ခဏပဲ။ အခြံအရံများတယ်ဆိုတာလည်း တစ်ခဏပဲ။ နောက်ကျတော့ တစ်ယောက်မှ မရှိတဲ့အခြေအနေမျိုးရောက်သွားနိုင်တယ်။ အခြံအရံများနေခိုက် ငါသူတို့ အတွက် ဘာလုပ်ပေးနိုင်သလဲ " ဆိုတာ ဆင်ခြင်စဉ်းစားတာ ဒါလမ်းမှန်ကျတယ်။

အခြံအရံကင်းမဲ့သွားပြီဆိုလို့ ရှိရင်လည်း "အေး ၊ အခြံအရံကင်းမဲ့တယ်ဆိုတာလည်း တစ်ခဏပဲ။ ထာဝရမဟုတ်ဘူး။ အခြံအရံမရှိတဲ့အချိန်မှာ တရားဓမ္မနှလုံးသွင်းချိန်တွေ ငါ့မှာပိုရလာတယ်။ စာဖတ်ချိန်တွေ ငါ့မှာပိုရလာတယ်။ " စသည်ဖြင့် ဒီလိုဆင်ခြင်သုံးသပ်ပြီး ကိုယ့်စိတ်ကို Lonley မဖြစ်အောင် ၊ Depression မဖြစ်အောင် ၊ စိတ်ဓာတ်ကျတာမျိုးမဖြစ်အောင် ဆင်ခြင်စဉ်းစားရမယ်။ ဒါလောကဓံကိုကြံ့ကြံ့ခံနိုင်တဲ့နည်းတွေပေါ့နော်။

ကောင်းတဲ့လောကဓံနဲ့ တွေ့ ရင် စိတ်က သဘောကျ ၊ ကျေနပ်တယ်ဆိုတာ အဘိဓမ္မာသဘောအရ ဘာဖြစ်တာတုန်းဆိုရင် ဗုဒ္ဓမြတ်စွာက အဲဒါကို အနုရောဓ လို့ ခေါ်တယ်။ ဒီအာရုံပေါ်မှာ ကျေနပ်ပြီးလိုက်လျောတာ။ အဲဒီ အနုရောဓ ဆိုတာ ဘာတုန်းဆိုရင် လောဘရဲ့ သဘောပဲ။ လောဘဖြစ်တာ။ ကိုယ်ကြိုက်တဲ့အနေအထားလေးရလာလို့ ရှိရင် တွယ်တာပြီးတော့ စိတ်ကကျေနပ်နေတာ။ အနုရောဓ လိုက်လျောတာ လောဘနော်။

အကယ်၍ ကိုယ်မလိုချင်တဲ့ မကောင်းတဲ့လောကဓံနဲ့ ကြုံပြီဆိုရင် အဲဒီအနေအထားကို စိတ်ကဆန့် ကျင်လာတယ်။ ဆန့် ကျင်တာကို ၀ိရောဓ လို့ ခေါ်တယ်။ အဲဒီ ၀ိရောဓ ဆန့်ကျင်လာပြီဆိုရင် ဘာဖြစ်တတ်တုန်းဆို ဒေါသ ဖြစ်တတ်တယ်။

အဲဒီတော့ ကောင်းတဲ့လောကဓံ နဲ့ ကြုံလို့ ရှိရင် လောဘဖြစ်တတ်တယ်။ လောဘဖြစ်ရင် စိတ်မငြိမ်မသက်ဖြစ်မယ်။ မကောင်းတဲ့လောကဓံနဲ့ ကြုံလို့ ရှိရင် ဒေါသဖြစ်မယ်။ စိတ်မငြိမ်မသက်ဖြစ်မယ်။ အဲဒီတော့ လောဘ ဒေါသ ၀င်လာတာနဲ့ တစ်ပြိုက်နက် စိတ်ဓာတ်ကြံ့ ခိုင်မှုဆိုတာ မရှိတော့ဘူးတဲ့။ လောကဓံတရားတွေအပေါ်မှာ လောဘနဲ့ ၊ ဒေါသနဲ့ ၊ လိုက်လျောလိုက် ဆန့် ကျင်လိုက် နဲ့ လောကဓံရဲ့ ဒဏ်ကိုခံနေရတယ်လို့ ပြောတာနော်။ အေး......အဲဒီလိုမဖြစ်အောင် ဆင်ခြင်ရမယ်။

မှတ်ချက်။

ပါမ္ခောချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော လောကဓံမုန်တိုင်းများ နှင့် ကြံ့ခိုင်သည့်စိတ်ထား တရားတော်ကို ကိုယ်တိုင်နာယူမှတ်သား၍ ကောင်းနိုးရာရာများကို ပြန်လည်စာစီစာရိုက်ခြင်းပြုကာ ကုသိုလ်ဖြစ်ဖော်ပြခြင်းဖြစ်ပါသည်။ ဤစာသည် တရားတော်အပြည့်အစုံမဟုတ်ပါ။ စာအလွန်ရှည်သွားမည်ဖြစ်သောကြောင့် လူတွေနဲ့ အသင့်တော်ဆုံး ၊ လူတွေအခံရဆုံး လောကဓံမုန်တိုင်း ၂ ခုအကြောင်းကိုသာ ပြန်လည်ထုတ်နုတ်တင်ပြပေးခြင်းဖြစ်ပါတယ်။

Ref: Htoo Tint Naing facebook

26-12-2011

No comments:

Post a Comment