" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, March 17, 2011

မျှော်ကြည့်လေတိုင်း ပုဂံမြေ ပုံရိပ်လွှာ အပိုင်းအစများ

“စေတီနဲ့တန်ဆောင်း ဆည်မြောင်းနဲ့စပါးနှံ
ရွှေပေါက္ကံ ပြည်တစ်ကြောမှာ ပေါချင်တိုင်း ပေါတဲ့ပြင်
ဝပြောတဲ့ သာသသနာ ခေါင်းလောင်းသံ ညံမစဲရယ်နဲ့
ပုဂံပွဲ သာလွန်လို့ လာသူလာ သွားသူသွား
လယ်တွင်းသား ပြည်တော်သာ ကသည်းသား မင်းမှုထမ်း
တါစ်စိတ်ဝမ်း တစ်လမ်းညီ ပြည်ရေးကို ပြိုင်တူချီကြတော့
ပြည်တော်မြတ် ပဲ့တင်သံ ဘဝဂ်ကညံပါရော…”
(ဆရာဇော်ဂျီ)။
ပုဂံက မြကန်သာ
“မြကန်သာ တောင်ကျချောင်းတေး
ရေဝင်ပြေးလျှက် ရေအေးကြည်စွာ
ကန်ပိုင်မာလျှက် ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည် ဝတိံသာက နန္ဒာလော ….”

“လှည်းဝင်ရိုးသံ တညံညံနှင့်
ပုဂံဘုရား ဖူမျှော်သွားက ဘုရားမစုံ နေသာကုန်မည်။”
(ဆရာကြည်အောင်)။
ပုဂံနှလုံးသား ရေးထုံးသီမူ
ယဉ်ကျေးမှုနှင့် အနုပညာ သာသနာတည့်။
ပုဂံခွန်အား ဓားနှင့်စိုက်ခင်း စည်းလုံးခြင်းတည့်။
နှလုံးမွန်၍ အားမွန်လက်မောင်း ယောင်္ကျားကောင်းသို့
ရှေးဟောင်းပုဂံ ပြည်ပေါက္ကံမှာ နိုင်ငံသစ်ထူ
ဦးစွန်းလူခဲ့ ပြည်သူညီညွတ်သည်တကား….

ချစ်ခရီးဧရာ(သီချင်း)
“လေပြည်လေး တဖြူးဖြူး
ပြောင်းခင်းလေးတွေ တငြိမ့်ငြိမ့်လူး
ဧရာဝတီ မြစ်ရေသင်ဖြူး
လှေကလေးလှော်ကာ ကြည်နူး
ခွန်းတုံ့လှယ် စကားနဲ့မြူး
ရည်စူး ဒီတန်ခူး ပေါင်းကြရန် တို့နှစ်ဦး
မြတ်စိန္တေထံဖူး။”
(တင်ဦးလေးနှင့် ခင်ယုမေတို့၏ စုံတွဲတေး”ချစ်ခရီး ဧရာ” ရေဒီယို သီချင်းသည် ဆရာဇေယျရေးခဲ့သော ပုဂံစာအုပ်မှ ရသည်ဟု ကိုလေးလွင်က ပြောခဲ့ဘူးသည်ဟူ၏ (အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော)။

“မရမ်းစေ့ရောင်နုနု ဗေဒါပွင့်ကလေးတွေကိုတော့
မောင်ဆယ်ကာ ခူးရပေဦးမည်” သီချင်းကလေးလည်း
ဧရာဝတီမြစ်ထဲမှ ဖူးပွင့်လာသည်ဟု ထင်ရသည်။”

အာနန္ဒာဘုရားကို ဖူးမြင်ရပါက
“ ဥာဏ်မြင်ကြီးထွား ပုဂံသားတို့
ဘုရားပုထိုး လိုဏ်ဂူမိုးလျှက်
တတ်မျိုးစုံစွာ ဗိသုကာဖြင့်
လက်ရာဆန်းကျယ် ဆောက်ကြ၏”။
ဆရာ ကြည်အောင်၏ ကဗျာ မင်းယုဝေ၏ ကဗျာများကလည်း အမှတ်ရစရာ
“ သည်နေရာဝယ် ညီညာကြိုးစား ပုဂံသားတို့
အများကျိုးပြု ယဉ်ကျေးမှုကို
အထုခိုင်မာ တည်ခဲ့၏။”

ထိုခေတ်က ထွန်းကားခဲ့တဲ့ တေးကဗျာ
“ တရားငယ်မှန်
ရှင်မြတ်ကယ် ထေရ်အရဟံနဲ့
ပြည်ပုဂံ နော်ရထာဘုန်းငဲ့ပြင်
ပြည်လုံးညီညာတော့
ဤကမ္ဘာမှာ မြန်မာရယ်လို့ ဝင်ခဲ့သတဲ့
သည်မင်းသည်ပြည်ထောင်ဖြင့်
မလေးမောင် ချစ်မငြီးနိုင်ဘု
ရွှေစည်းခုံ ခြေတော်ရင်းဆီက
ခေတ်ဟောင်းစံ ပုဂံသီချင်းကိုဖြင့်
ညှင်းဆိုခဲ့ပြောင်း…”
(ဆရာဇော်ဂျီ)။

ပုဂံသားတို့
“ပုဂံသားတို့
ဝင့်ကြွားပပ ခေါင်းပေါင်းသလျှက်
အေးမြစိုပြည် ငါတို့မြေသည်
မင်းနေပြည်သစ် နောင်တွင်ရစ်လိမ့်
ရွှန်းသစ်သမိုင်း နတ်နှင့်နှိုင်းသည်
ဆိုတိုင်း တင့်တယ်ပေသည်တကား။
ပုဂံသားတို့ ဝင့်ကြွားမပ
မှေးမှိန်ကြ၍ ရာဇဌာနီ
မင်းနေပြည်လည်း တစ်လီပျက်ပြုန်း
ရွာနိဂုံးသို့ ယူကျူံးမရ ရောက်ခဲ့သတည်း။

ကွေ့ကွေ့ဝိုက်ဝိုက်
ထွေးပိုက်စုံဆင်း မြစ်မင်းဧရာ
မပြောသာနှင့် သည်မှာဘုရား
သည်နားပြိုပျက် ကြုံရချက်ကို
ကျမျက်ရည်ဖိတ် ငိုမတိတ်၍
ပြည့်သိပ်မြစ်ပြင် ဖွေးဖွေးတကား။

ရီဝေတုံ့မှိုင်း မြူမင်းဆိုင်းသည်
ရှစ်တိုင်းဌာန ငိုဟန်တကား။”
(အောင်စိုး ၁၉၅၅)။

ကျန်စစ်သားမင်း၏ မေတ္တာ ကရုဏာ စေတနာ အကြင်နာ
“မိမိ၏ လက်ယာလက်ဖြင့် ဆန်စပါးစသော စားဖွယ် သောက်ဖွယ်တို့ကို ပေးအပ်ကျွေးမွေးမည်။
လက်ဝဲလက်တော်ဖြင့် အဝတ်ပုဆိုး အဆင်တန်ဆာတို့ကို ပေးအပ်ဆင်ယင်မည်။
ပြည်သူအပေါင်းပင် အမိရင်ခွင်၌ရှိသော သားငယ်ကဲ့သို့ အေးချမ်းသာယာစွာ ရှိစေရမည်။ တဲ့
အော် မင်းနှင့်ပြည်သူ ရည်တူညီတူ ကြည်ဖြူခဲ့သောပုဂံ။
အညွန့်တဝေဝေနှင့် အဓွန့်ရှည်ခဲ့သော ပုဂံကတော့ မြန်မှန်လျှင် ပုဂံရောက်မှ၊ မြန်မာမှန်လျှင် ပုဂံကိုလွမ်းတတ်မှ အသက်ရှည်မည်ဟု ဆိုနေသယောင်ယောင်…။”
မေ့သားလှ(ဇလဂ္ဂ)
*စကားချပ်။
မြစေတီကျေက်စာ (သို့မဟုတ်) ဂူပျောက်ကြီးကျောက်စာ (သို့) ရာဇကုမာရကျောက်စာကို ခရစ်သက္ကရ်ာဇ် ၁၈၈၆-ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်။ ထိုစဉ်က ဒေါက်တာဖော်ရှမ်းမား (Dr For Chhammer) သည် ရန်ကုန်ကောလိပ်မှ ပါဠိပါမောက္ခ ဖြစ်၍ ကျောက်စာဝန်အဖြစ်လည်း တွဲဖက်တာဝန် ထမ်းဆောငလျက်ရှိသည်။ သူ၏လက်ထက်တွင် မြန်မာနိုင်ငံတော် သမိုင်းအတွက် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဘိုးကြီးမားလှသည့် လေးမျက်နှာတွင် ကမ္ဗည်းကျောက်စာ လေးမျက်နှာပါရှိသော ကျောက်စာတိုင်တစ်ခုကို တွေ့ရှိခဲ့သည်။ တွေ့ရှိရာနေရာမှာ မြင်းပုဂံခေါ် မြင်းကပါရွာရှိ မြစေတီဘုရားအနီး လေးထောာင့်ဘုရား (ဂူပျောက်ကြီးဘုရား) ရှေ့နားတွင် ဖြစ်သည်။
“ဂြီ တြိဘုဝနာဒိတျ ဓမ္မရာဇ်” ဘွဲ့ခံ ကျန်စစ်သားမင်းသည် ၄၄၆-ခု ၊အေဒီ ၁၀၈၄ တွင် ပုဂံထီးနန်းစိုးစံတော်မူခဲ့သည်။ ၂၈ နှစ်မျှ ထီးနန်းစိုးစံပြီးနောက် ၄၇၄- ခု အေဒီ ၁၁၁၂ ခုနှစ်တွင် နတ်ရွာစံခဲ့သည်။ ထိုမင်းနတ်ရွာစံပြီးနောက် တစ်နှစ် ၄၇၅-ခု အေဒီ ၁၁၁၃ ခု တွင် သူ၏သားတော် မင်းသား ရာဇကုမာရက ဤကျောက်စာကို ရေးထိုးခဲ့သည်။ ထို့ကြောင့် :ရာဇကုမာရ ကျောက်စာ” ဟုလည်း ခေါ်ကြ၏။ ခမည်းတော် ကျန်စစ်သားမင်းကြီး လွန်ခါနီး၌ ကုသိုလ်စေတနာ ပွားစေရန် ရွှေဘုရား သွန်းလုပ်၍ ဂူပြောက်ကြီးဘုရား၌ ဌပနာ ထားခဲ့ပုံ၊ သူပိုင်သည့် ရွာသုံးရွာမှ ရွာသားအားလုံးတို့ကို ဤဘုရားကြီးအား လှူထားခဲ့ပုံများ ရေးထိုးထားသဖြင့် “ဂူပြောက်ကြီး ကျောက်စာ”ဟုလည်း ခေါ်တွင်ခဲ့ကြ၏။
ထူးခြားချက်မှာ ယင်းရာဇကုမာရ၏ ဤလေးထောင့်ကျောက်စာတိုင်တွင် “မြန်မာ၊ မွန်၊ ပျူ ၊ ပါဠိ” လေးဘာသာဖြင့် လေးမျက်နှာ ရေးထိုးထားခဲ့သည်။ ဤကျောက်စာကို ဖတ်ရှုတွေ့မြင်ရသဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း ရှစ်ဆယ့်ကိုးကျော်က မြန်မာ့မြေပေါ်တွင် အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည့် တိုင်းရင်းသားတို့၏ သွေးကွဲမှုမရှိ စည်းလုံးညီညွတ်ပုံ တစ်မြေတည်းနေ တစ်ရေတည်းသောက်များဖြစ်၍ ညီရင်းအကိုတမျှ ချစ်ခင်ကြပုံ ခွဲခြားမှူမရှိ အမိနိုင်ငံတော်အတွက် ကျရာတာဝန်များကို လက်တွဲညီညီ ဆောင်ရွက်ခဲ့ကြပုံများကို မျှော်မှန်းသိနိုင်သည်။
လူမျိုးစုအချင်းချင်း အနိုင်ကျင့်မှုကင်းစွာဖြင့် မိမိတို့၏ရိုးရာ စာပေနှင့်ယဉ်ကျေးမှုတို့ကို မပျောက်ပျက်ရလေအောင် ထိမ်းသိမ်းခြင်း အတူလက်တွဲ ချစ်ခင်ရင်းနှီးစွာ နေထိုင်ခြင်း မွန်မြန်မာပျူ လူမျိုးစုအားလုံး (ပါဠိဘာသာနှင့်ပါ ရေးထိုးသဖြင့်) ထေရဝါဒသာသနာတော်မြတ်ကြီးကို အမြဲတမ်း ဦးထိပ်ပန်ဆင်ထားခြင်း မွန်မြန်မာပျူ လူမျိုးစုအားလုံး သွေးစည်းညီညွတ်စွာဖြင့် နိုင်ငံတော်အတွက် အသက်ပေးရန် အသင့်အနေထားမှာ ရှိနေခြင်းတို့ကို ဤကျောက်စာက ဖော်ပြနေပေသည်။ မင်းသားရာဇကုမာရ၏ ကျောက်စာသည် မြန်မာ့ယဉ်ကျေးမှူများကို ဖော်ညွှန်းနေခြင်း လူမျိုးစုအားလုံး ထာဝရချစ်ကြည်ရေး သွေးစည်းရေးတို့ကို ဖော်ဆောင်နေသဖြင့် အင်မတန် တန်ဘိုးကြီးမားလှပေတော့သည်။
*(စကားချပ်။များကိုအရှင်မဟောသဓပဏ္ဍိတ၏ “သမိုင်းကွင်းဆက်ကလေးများ”စာတမ်းမှ ထုတ်နှုတ်တင်ပြခြင်း ဖြစ်ပါသည်။)

အားလုံးကိုချစ်ခင်လေးစားလျှက်
မေ့သားလှ(ဇလဂ္ဂ)

No comments:

Post a Comment