" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, January 22, 2011

လောကဝန်းကျင် အလှဆင်ရာ1

လေးအသင်္ချေ သိန်းနေကမ္ဘာ
ရှည်ကြာကာလ သမယ၌
ဆယ်ဝပါရမီ စုံညီရင့်ကျက်
တောထွက်စွန့်လွှတ် ကိလေညွတ်မှ
ကင်းလွတ်ပေစွ သိဒ္ဓတ္ထ၏
ဗုဒ္ဓအဖြစ် ပွင့်ထွန်းသစ်ရာ
မြေမြတ်မဟာသို့
ကြုံလာရောက်တိုင်း ရင်ဝယ်လှိုင်းခတ်
သဒ္ဓါဓာတ်တို့  မပြတ်ဖြစ်ရ။
မြတ်လှစေတီ မွေသရီကို
ပန်းချီပန်းပု အစုစုနှင့်
အနုလက်ရာ စုံစွာထုဆစ်
ကျောက်ဆစ်ပညာ အံ့ဖွယ်ရာကြောင့်
ဖုးမဝပေ လွမ်းလျက်တွေမိ
ပီတိအဟုန် ရင်ခုန်ဆွတ်ပျံ့ စိတ်မတံ့နိုင်။
စေတီမဟာ အတွင်းမှာမူ
လိုဏ်ဂူသဖွယ် အံ့ဖွယ်တည်ပြု
သွန်းထုလေပြန် ရုပ်ပွားဟန်ကား
ရောင်လျှံကြွကြွ မြတ်ဗုဒ္ဓ၏
ငြိမ်းချမ်းစွပုံ တည်ကြည်ပုံကို
ကြည်ယုံဦးခိုက် ဖူးမျှော်လိုက်စဉ်
ငါ့ရင်သိမ့်တုန် ပီတိဟုန်ဖြင့်
လှိုက်ခုန်ကြည်နူး အရထူးခဲ့။
သမိုင်းကြွယ်ဝ မဇ္ဈိမသို့
အလှဝေစည် မြတ်စေတီသို့ 
လေပြည်ငြိမ့်သွင် သည်ရင်ပြင်သို့
သုငါရောက်ဖူး လာခဲ့ ဖူးဟု
ကြည်နူးစိတ်တွင် အရိပ်ထင်၍္ပ
လန်းရွှင်ပီတိ ဂွမ်းဆီအိခဲ့။
မြေမြတ်မဟာ ဤဂယာဝယ်
ထည်ဝါဟီးဟီး (မမဝေ) ကျောင်းတော်ကြီးကား
သံဃာအားလုံး ဝေးစုရုံး၍
တက်တက်ကြွကြွ စည်းဝေးကြရာ
စခန်းသာတည်း။
ဆယ်နှစ်ပြည့်မြောက်
ချိန်ခါရောက်လာ မင်္ဂလာသဘင်
ဆင်ယင်ကျင်းပ သမယ၌
ကိုယ့်ရေးကိုယ့်တာ
ကိုယ့်တွက်တာကြောင့်
ဘာဘာညာညာ အကြောင်းရှာသူ
ပါးစပ်သံပြင်း လက်မတင်းဘဲ
အပိုထင်မှတ် ငြိုငြင်တတ်သူ
မမာမကျန်း ညာဖျန်းလေဟန်
နောက်ချန်ချောင်ခို ရှောင်လွှဲလိုသူ
ဘွဲ့မူအဆိုး အမျိုးမျိုးတို့
စိုးပိုင်သနင်း လူပျင်းလူညံ့
လူ့ကလန့်တို့ မတည်တံ့နိုင်
ယုံကြည်ခိုင်မာ ကျဝန်တာကို
မာလာပန်းငုံ ဖူးပွင့်စုံအောင်
လောကဝန်းကျင် အလှဆင်ရာ
ရင်ခွင်သာပေ မမဝေမှာ
မရှိပါ၍ ခဏနေရ
တဒင်္ဂတွက် ရင်မှာကျေနပ်
အနေမြတ်ဟု စိတ်ဓာတ်ပီတိ
လွှမ်းမိခဲ့ပါသတည်း။

မှတ်ချက်။ မမဝေဟူသည်မှာ Myanmar Monk-Students’ Welfare Association of India (MMWAI- မမဝေ- ဟုအတိုကောက်အသံထွက်) အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွင့်ဖြိုးရေးအဖွဲ့ ကိုဆိုလိုပါသည်။
(အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသ ဘုရားပွင့်ရာ ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီ ဖူးမျှော်စဉ် အမှတ်တရနှင့် ဒသမနှစ် နှစ်ပတ်လည် ကျောင်းသားများအစည်းဝေး အမှတ်တရ)။
2010 ဒသမနှစ် နှစ်ပတ်လည် အထမ်းမှတ်စာစောင်မဂ္ဂင်းမှ ပြန်လည်ဖော်ပြပါသည်။
(မေ့သားလှ (ဇလဂ္ဂ) 1-1-2010)။

No comments:

Post a Comment