" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, January 6, 2011

အရဟံ ဇယံ ဘုရားရှိခိုး

မိမိသည် သီရီလင်္ကာနိုင်ငံသို့ မဟာဝိဇ္ဇာ (M.A) တန်း တက်ရောက်ရန် ၂၀၀၆ ခုနှစ်တွင် အခွင့်ရေးတစ်ရပ် ကံကောင်းစွာ ရရှိခဲ့ပါသည်။ သို့အတွက် အိန္ဒိယနိုင်ငံတွင် ပညာသင်ခဲ့သော နောင်တော်ကြီး ဒေါက်တာ ဣန္ဒက(သီတဂူ) သီတင်းသုံးလျက်ရှိသော ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြု တက္ကသိုလ် (မရမ်းကုန်း)သို့ ပြည်ပအတွေ့ကြုံများ မေးကြည့်ဖို့ရန်သွားရောက်ခဲ့ပါသည်။ ထို့နေ့မှာ သီတဂူကျောင်းသားများဖြစ်ကြသော အရှင်သုတာစာရာလင်္ကာရ(မိမိ) အရှင်တေဇာလင်္ကာရနှင့် အရှင်ကုဏ္ဍလတို့ သုံးပါး သီရိလင်္ကာနိုင်ငံသို့ မသွားမီ တစ်ရက်အလိုတွင် ယင်းတက္ကသိုလ်သို့ရောက်ဖြစ်ခဲ့ကြ၏။
နေ့ဆွမ်းကို တက္ကသိုလ်မှာဘဲ ယခုနိုင်ငံတော် သံဃမဟာနာယက ဥက္ကဌဆရာတော်ကြီး ဒေါက်တာ ကုမာရာဘိဝံသ (ဗမော်) ထိုစဉ် ဒု ပါချုပ်ဆရာတော်) နှင့် ဆွမ်းစားဝိုင်းတစ်စားပွဲမှာပင် ဘုဉ်းပေးဖြစ်ကြပါသည်။ ဆွမ်းစားစဉ် ဆရာတော်ကြီးက သီရိလင်္ကာသို့သွားတဲ့အခါ သီရိလင်္ကာနိုင်ငံမြေပေါ်သို့ ခြေချလျှင် ခြေချခြင်း သီရိလင်္ကာသာသနာစောင့်နတ်များကို ဦးစွာမေတ္တာပို့ရန်နှင့် တိုင်းသူပြည်သားများကိုလည်း မေတ္တာပို့ရန် သြဝါဒစကားမိန့်ကြားတော်မူခဲ့၏။ ထို့ပြင် အရဟံ အစရှိသည့် ဘုရားရှိခိုးဂါထာကိုလည်း အမြဲမပြတ်ရွတ်ဖတ်သင့်ကြောင်း သမိုင်းကြောင်းနှင့်တကွ ရှင်းပြတော်မူခဲ့၏။ ထိုစဉ်က ဒေါက်တာဣန္ဒက၏ ကွန်ပျူတာစားပွဲပေါ်တွင် ပလပ်စတစ်ကဒ်လောင်းထားသည့် ယင်းဂါထာလေးကို တွေ့ခဲ့ရ၏။ မိမိသည်လည်း ထိုအချိန်က လက်ရေးဖြင့်ကူယူခဲ့ပြီး ထိုနေ့မှာ မိမိတည်းခိုသည့် ဗဟန်း အောင်မြေဘုံဇမ်ကျောင်းတိုက်ရောက်သည့်အခါ အရကျက်မှတ်နှတ်ငုံဆောင်ပြီး နေ့စဉ်ရွတ်ဖတ်ူဇော်ဖြစ်ပါသည်။
• ဗမော်ဆရာတော်ဘုရားကြီး မိန့်တော်မူသည့် သမိုင်းကြောင်းကတော့ ဘဒ္ဒန္တတိလောက (မင်းကင်း)၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးက wai phyo on December 29, 2010 at 10:34pm ဘလော့ အင်တင်နက်ချစ်သူမှာ တင်ထားသည့် အောက်ပါအတိုင်းပင်ဖြစ်ပါသည်။ စာရေးသူဆရာတော်ကြီးတို့၏ စာမူအတိုင်း မူရင်းမပျက်တင်ပြလိုက်ရပါသည်။

အရဟံ ဇယံ ဘုရားရှိခိုး

အရဟံ ဗဟိ အန္တဇယံ သုဂတံ၊

အမိတံ ဝိရဇံ လလိတံ အတုလံ၊

စရဏံ တိဘဝူ ပသမံ ယမကံ၊

သုခဒံ သရဏံ ပဏမာမိ ဇိနံ။

၁။ အရဟံ - ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။

၂။ ဗဟိ အန္တဇယံ - အတွင်းအပရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။

၃။ သုဂတံ - ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။

၎။ အမိတံ - မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။

၅။ ဝိရဇံ - ကိလေသာမြူတို့မှ ကင်းတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။

၆။ လလိတံ - တင့်တယ်သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။

၇။ အတုလံ - အတုမရှိသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။

၈။ စရဏံ - အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။

၉။ တိဘဝူ ပသမံ - ဘုံသုံးပါး၌ ကိလေသာတို့မှ ငြိမ်းအေးတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။

၁၀။ ယမကံ - ရေ၊ မီးအစုံ အစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။

၁၁။ သုခဒံ - ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။

၁၂။ သရဏံ - ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။

၁၃။ ဇိနံ - မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။

ဘုရားရှေ့တွင် (၁၀၈)ခေါက် ပုတီးစိပ်၍ လိုရာအဓိဋ္ဌာန်ပါ။

ဝါးချက်မင်းကျောင်းဆရာတော်ကြီးနှင့် မန္တလေးတောင်ရသေ့ကြီး ဦးခန္တီ

ဝါးချက်မင်းကျောင်း ဆရာတော်ကြီးသည် မင်းတုန်းမင်းကြီး၏ ငယ်ဆရာဖြစ်သည်။ သက်တော်ကြီးရင့်တော်မူသောအခါ စစ်ကိုင်းဘက်သို့ တောထွက်တော်မူ၍ တရားဘာဝနာအလုပ် အားထုတ်နေသည်ကို မင်းတုန်းမင်းကြီး သိရှိ၍ ကျောင်းဆောက် လှူဒါန်းတော်မူ၏။ ထိုကျောင်းကို "မင်းကျောင်း"ဟု ခေါ်တွင်လေ၏။

အနီးအနားဝန်းကျင်မှ ကျေးရွာများကိုလည်း ဆွမ်းဝတ်မပြတ် ချက်ကပ်လှူဒါန်းကြရန် အမိန့်သတ်မှတ်စေခိုင်းသဖြင့် ထိုရွာကိုလည်း "ဝတ်ချက်ရွာ"ဟု ခေါ်တွင်လာကြ၏။ တစ်နေ့သ၌ မန္တလေးတောင် ရသေ့ကြီးဦးခန္တီသည် ရဟန္တာဟု ကျော်ကြားတော်မူသော ဝါးချက်မင်းကျောင်းဆရာတော်ကြီးအား သွားရောက်ဖူးမျှော်လေ၏။

ထိုအခါ ဆရာတော်ကြီးက ရသေ့ကြီးဦးခန္တီအား "တန်ခိုးအစွမ်းကို လက်တွေ့ပြစမ်းပါ"ဟု အမိန့်ရှိတော်မူလေ၏။ ရသေ့ကြီး ဦးခန္တီက "မှန်လှပါဘုရား၊ တပည့်တော်ကို ဘုရားရှေ့တွင် ပုတီးစိတ်ခွင့်ပြုတော်မူပါဘုရား"ဟု လျှောက်ထားပြီး ဘုရားခန်းသို့ ဝင်၍ (၄၅)မိနစ်ခန့် ပုတီးစိတ်ပြီး ပြန်ထွက်လာ၏။ (၁၅)မိနစ်ခန့်ကြာသော် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော ဒါယကာတစ်ယောက် ရောက်လာပြီး ရသေ့ကြီးဦးခန္တီအား အထုပ်တစ်ထုပ် လှူဒါန်း သွားလေ၏။ ထိုအထုပ်ထဲတွင် ရွှေဒင်္ဂါပြား (၁၀၈)ပြားကို တွေ့ရှိရလေသည်။

ထိုအခါ ဆရာတော်ကြီးကလည်း "အေး ဒီလိုဆို ငါလည်း ဘုရားရှေ့ ပုတီးစိတ် လိုက်ဦးမယ်"ဟု ဆိုကာ ဘုရားခန်းသို့ ဝင်သွားတော်မူ၏။ ဆရာတော်ကလည်း ရသေ့ကြီးဦးခန္တီ နည်းတူ (၄၅)မိနစ်ခန့်ကြာသောအခါ ပြန်ထွက်လာပြီး နောက်(၁၅)မိနစ်ခန့်ကြာသောအခါ ဒါယကာတစ်ယောက်သည် လူနှစ်ယောက်ထမ်းလာသော အထုပ်တစ်ထုပ်ကို ဆရာတော်ကြီးအား လှူဒါန်းသွားလေ၏။ ထိုအထုပ်ထဲတွင် သင်္ကန်းအစုံ (၁၀ဂ)စုံကို တွေ့ရှိရလေသည်။

ဆရာတော်ကြီးမှ ရသေ့ကြီးဦးခန္တီအား "ဘာကို ပုတီးစိပ်ပါသလဲ"ဟု မေးသောအခါ ရသေ့ကြီးဦးခန္တီက "အရဟံ ဗဟိ အန္တဇယံ သုဂတံ"ဂါထာကို ပုတီးစိတ်ကြောင်း လျှောက်ထားလေ၏။ ဆရာတော်ကြီးကလည်း "အေး ငါလည်း အဲဒီဂါထာကို စိပ်တယ်"ဟု မိန့်ကြားတော်မူ၏။

ထိုအကြောင်းအရာများကို နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဏိတ - အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဗန်းမော်ဆရာတော်ကြီး ဒေါက်တာကုမာရဘိဝံသ (D.Litt)မှ မိန့်ကြားပါသည်။

ဘဒ္ဒန္တတိလောက (မင်းကင်း)၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်
မှတ်ချက်
အထက်ပါ ဂုဏ်တော်ဂါထာကို ပုသိမ်ကြီး အရိယဝံသ (ရတ္တညူမဟာနာယက) ဆရာတော်ဘုရားကြီးကလည်း အသေးစိပ် ဆန်းစစ်လေ့လာတင်ပြထားသည်ကို ရန်ကုန်မြို့-ဗဟန်း၊ ပါဠိတက္တသိုလ်ညောင်တုန်းကျောင်းတိုက် လှရတနာဆရာတော် ဦးနာရဒါဘိဝံသ ဆရာတော်၏ ရွှေရတု ဂုဏပူဇာစာစောင်တွင်တွေ့ရှိရပါသည်။ ဓနသိဒ္ဓိ ဆန္ဒပြည့် အရဟံဂါထာဖြစ်ပေါ်လာပုံဟု ရေးသားထားပါသည်။ ဗုဒ္ဓဂုဏ်ရည်ပြ တောဋကဂါထာ ဖြစ်ပါသည်။ ယင်းစာစောင် စာမျက်နှာ ၁၁၃-၁၁၄-၁၁၅ မှာ တွေ့နိုင်သည်။ ယင်းစာစောင်ကို ဆက်လက်ရှာဖွေဖတ်ရှူနိုင်ပါသည်။ (၂၀၁၀ ထုတ်စာစောင်)။

အရှင်သုတာစာရာလင်္ကရ
နာလန္ဒာတက္ကသိုလ်
အိန္ဒိယနိုင်ငံ
၇-၁-၂၀၁၁

No comments:

Post a Comment