" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, December 4, 2010

ခံစားနာလည်မိတဲ့ မေတ္တာတရား ...

လူသားတိုင်းရဲ့ နုတ်ဖျားမှာလှိုင်လှိုင်ကြီး ရေပန်းစား ပြောကြားနေတဲ့ စကားတစ်ခုရှိပါတယ်။ အဲဒါကတော့-မေတ္တာတရားပင်ဖြစ်ပါတယ်။ မေတ္တာအကြောင်းပို၍သိလေလေ ယင်း၏အနက်အဓိပ္ပါယ်မှာ ပို၍ နက်နဲကျယ်ဝန်းလှပါပေတယ်။  “သိပြီချက်ခြင်း သိမရှင်း”ဆိုသလို မေတ္တာ၏ အနက်အဓိပ္ပါယ် သိသလိုလိုနဲ့ ယင်းအနက်အဓိပ္ပါယ်မှ ပွတ်ကာသီကာ သွေဖီကာ ဖြစ်သွားနိုင်ပါတယ်။ တခါတရံ မေတ္တာရဲ့အနက်အဓိပ္ပါယ်ကို ဝိုးတဝါးတား လောက်သာ သိကြပါတယ်။ လေးနက်ကျယ်ဝန်းလှတဲ့ မေတ္တာရဲ့အနက်အဓိပ္ပါယ်ကို မိမိဥာဏ်မှီသလောက် တင်ပြချင်ပါတယ်။ မေတ္တာဟာ နုညံ့သိမ်မွေ့တယ်။ သီးခံခွင့်လွတ်နိုင်တယ်။ အနစ်နာခံနိုင်တယ်။ ချစ်ခင်ယုယတတ်တယ်။ ကူညီရိုင်းပင်းတတ်တယ်။ သက်ရှိလောကကြီးကို သာယာချမ့်မြေ့စေနိုင်တယ်။ လူအချင်းချင်း ချစ်ခင်ကြင်နာတတ်ခြင်း စည်းလုံးညီညွတ်ခြင်း ရိုင်းပင်းကူညီခြင်းတွေကို မေတ္တာတရားက စွမ်းဆောင်နိုင်တယ်။  “တစ်ဦးမေတ္တာ တစ်ဦးမှာ”ဆိုသလို လူသားအချင်းချင်းသာမက လူနှင့်တိရစ္ဆာန် သို့မဟုတ် တိရစ္ဆာန်အချင်းချင်းတို့ ကြားမှာပင် မေတ္တာတရားရှိပါက ပျော်ရွှင်ချမ့်မြေ့ဖွယ်ဖြစ်ပါတယ်။ မေတ္တာတရားဟာ တန်ဘိုးမဖြတ်နိုင်တဲ့ လောကအလှဖြစ်ပါတယ်။ မေတ္တာပန်းတို့ ပွင့်လန်းဝေဆာရာ လောကဥယျာဉ် ကမ္ဘာကြီးထဲမှာ ဘဝအမောတွေ ဘဝခါးသီးခက်ထန်မူ့တွေဟာ  မြေဆီမြေလွှာ မြေသြဇာသဖွယ် ဖြစ်သွားနိုင်ပါတယ်။ မေတ္တာဟာ လောကလူသားတို့ ပိုင်ဆိုင်နိုင်တဲ့ အထက်မျက်ဆုံး စွမ်းအားပြင်း လက်နက်တစ်ခုဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ  သတ္တဝါတိုင်းပေါ်မှာ မေတ္တာထားရှိတော်မူပါတယ်။  မြတ်ဗုဒ္ဓရဲ့ သတ္တဝါတိုင်းပေါ်မှာ ထားရှိတဲ့မေတ္တာတရားဟာ တန်းတူညီတူဖြစ်ပါတယ်။ သားတော်ရာဟုလာအပေါ်မှာထားတဲ့မေတ္တာနှင့် သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့ ရှင်ဒေဝဒတ်အပေါ် ထားတဲ့မေတ္တာဟာ အတူတူပင်ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ မေတ္တာတရားဖြင့်ပင် လူဆိုးကြီးအင်္ဂုလိမာလ အာဠာဝကဘီလူး နာဠာဂီရီဆင်တို့ကို အောင်မြင်တော်မူခဲ့ပါတယ်။ မေတ္တာပိုင်ရှင်ဟာ မိမိသာမက မိမိပတ်ဝန်းကျင်နှင့် လောကကြီးတစ်ခုလုံးကိုသာယာချမ့်မြေ့စေပါတယ်။ မေတ္တာအေးရိပ် ခိုလုံရသောသူများမှာလည်း ပူပင်သောက ငြိမ်းအေးကြပါတယ်။ ဘေးရန်ကင်းဝေးကြပါတယ်။ ရွှင်လန်းကြည်နူးကြတယ်။ လောကကြီးကို ရင်ဆိုင်နိုင်စွမ်း ပိုမိုရှိလာကြတယ်။ မေတ္တာကို မေတ္တာဖြင့် တုန့်ပြန်မှသာ အကောင်းဆုံးဖြစ်ပါတယ်။ ရန်ကိုရန်ဖြင့် မငြိမ်းစေနိုင် ရန်ကို မေတ္တာဖြင့်သာ ငြိမ်းအေးစေနိုင်ကြောင်းကို မြတ်ဗုဒ္ဓက အတိအလင်းဟောကြားထားပါတယ်။ “ရန်လိုလျှင်ရန်ပို ရန်မလိုမှ ရန်ပြိုမည်”  ဟူသော စကားအရ ရန်မလိုခြင်းဟာ မေတ္တာပင်ဖြစ်ပါတယ်။ မေတ္တာလွှမ်းခြုံထားပါက ဘေးအန္တရာယ်လုံခြုံလှပါတယ်။ မေတ္တာဟာ အစွမ်းထက်မြက်သော ပိယဆေးဟုဆိုလျှင် မမှားနိင်ပါ။ ဒါကြောင့် မေတ္တာရှင်ဟာ လူနတ်ဗြဟ္မာသတ္တဝါအားလုံးတို့၏ ချစ်ခင်ကြည့်ညိုမြတ်နိုးမူ့ကို ရရှိပါတယ်။ လူသားတစ်ဦးချင်းစီ၏ ဘဝတွေကို မေတ္တာတရားက အတုမရှိလှပအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် မေတ္တာတရားဟာ ပူလောင်ညိုးနွမ်းနေတဲ့ နှလုံးသားတွေကို အေးချမ်းလန်းဆန်းစေနိုင်ပါတယ်။ အတ္တမာန မစ္ဆရိယ စတာတွေကြောင့် မာကြောခက်ထန်နေတဲ့ လူသားတွေရဲ့နှလုံးသားတွေကို နုညံ့သိမ်မွေ့စေနိုင်ပါတယ်။ ကျဉ်းမြောင်းသေးသိမ်လှတဲ့ နှလုံးသားတွေကိုလဲ မေတ္တာတရားနဲ့ ကြီးကျယ်မြင့်မြတ်လာအောင် ချဲ့ထွင်မြင့်တင်ပေးနိုင်ပါတယ်။ ကိလေသာ အညစ်အကြေးတွေကြောင့် အမိုက်မှောင်ကြနေတဲ့ နှလုံးသားလကွယ်ညတွေကို ဖြူစင်ဝင်းပ လပြည့်ဝန်းပမာ ထွန်းလင်းသာယာစေနိုင်ပါတယ်။ နှလုံးသားဝယ် မေတ္တာတရား ရှင်သန်နေသေးသမျှ ဒီလောကကြီးဟာ သာယာစိုပြေမှာ မလွဲဧကန်ပါ။ မေတ္တာတရားဟာ လူမျိုးမရွေး ဘာသာမရွေး တိုင်းပြည်မရွေး နယ်ပယ်မရွေး ကမ္ဘာပေါ်မှာ နှစ်သက်မြတ်နိုးစရာ အကောင်းဆုံးတစ်ခုဖြစ်ပါတယ။် ယာဉ်ကျေးတဲ့ကမ္ဘာ ငြိမ်းချမ်းတဲ့ကမ္ဘာကြီးကို မေတ္တာတရားဖြင့်ပင် တည်ဆောက်ရမည်ဖြစ်ပါတယ်။ မေတ္တာတရားကို ယဉ်ကျေးမူ့ရဲ့ အသဲနှလုံး ငြိမ်းချမ်းမှူ့ရဲ့ မဏ္ဍိုင်  လှပခြင်းရဲ့သင်္ကေတ မြင့်မြတ်ခြင်းရဲ့ အခြေခံ အုတ်မြစ်လို့ ဆိုနိုင်ပါတယ်။ ငြိမ်းချမ်းသာယာသော ဘဝတစ်ခု မိသားစုဝင်တစ်ခု ချစ်ကြည်ရင်းနီးသော ကမ္ဘာတစ်ခုကို တည်ဆောက်လိုသူတိုင်း မေတ္တာတရား အပြန်အလှန် ထားရှိကြဖို့ လိုအပ်ပါတယ်။ မေတ္တာတရားဟာ ဘဝလောကဓံတွေကို ရဲရင့်စွာရင်ဆိုင်ဖြေရှင်းနိုင်ပြီး လောကကောင်းကျိုးသယ်ပိုးရာမှာလဲ အထောက်အကူဖြစ်လာပါတယ်။ ဗုဒ္ဓစာပေမှာတော့ မေတ္တာနဲ့အိပ်စက်ခြင်း မေတ္တာနဲ့နိုးထခြင်း မေတ္တာနဲ့အသက်ရှင်နေထိုင်ခြင်းတွေဟာ ဘဝရဲ့ကောင်းသောနံနက်ခင်း ဘဝရဲ့သုခ ဘဝရဲ့မင်္ဂလာတွေလို့ဆိုထားပါတယ်။ ဒါ့အပြင် မေတ္တာတရားဟာ လောကရဲ့ ကြည်နူးဖွယ်ရာ လူ့ဘဝရဲ့အလှ လူ့လောကရဲ့ မီးရူးတန်ဆောင် အလင်းရောင် လူ့ဘဝရဲ့ အနှိုင်းမဲ့ အေးချမ်းလှတဲ့ နတ်ရေစင်များပင်ဖြစ်ပါတယ်။ မေတ္တာတရားဖြင့် လူသားတွေဟာ အခက်အခဲ အကျပ်အတည်း ပြဿနာမျိုးစုံ အတားအဆီးဟူသမျှတွေကို ကျော်လွှားနိုင်ပြီး စိတ်ပျက်အားငယ်မူ့တွေကို ပယ်ဖျောက်ပစ်နိုင်စွမ်းရှိပါတယ်။ မေတ္တာတရားဟာ လူသားတွေကို မိုက်မဲမှူ့ အောက်တန်းကျ ယုတ်မာမူ့ မယဉ်ကျေးမူ့ ညွန်အတွင်းက ကယ်တင်နိုင်ပြီး အသိအလိမ္မာကြွယ်ဝ အဆင့်တန်းရှိရှိ ယဉ်ကျေးတဲ့ကမ္ဘာမှာ ယဉ်ကျေးတဲ့လူများဖြစ်အောင် မြင့်တင်ပေးနိုင်ပါတယ်။ အေးအတူပူအမျှ သက်ရှိလူသားအချင်းချင်း ကူညီရိုင်းပင်းကြပြီး ချစ်ခင်ရင်းနှီးစွာ မိသားစုကမ္ဘာလေးတစ်ခုဖန်တီးပေးနိုင်ပါတယ်။ လောကကြီးမှာ စစ်မက်ကင်းဝေးပြီး ငြိမ်းချမ်းသားယာ ကြည်နူးဖွယ်ရာ အဖြာ ဖြာကို မေတ္တာတရားလက်ကိုင်ထားခြင်းဖြင့် ရယူနိုင်ပါတယ်။ သို့အတွက် လောကကြီးမှာ အကြမ်းဖက်မူ့တွေ ရက်စက်မူ့တွေ ပပျောက်ပြီး အတူယှဉ်တွဲ ငြိမ်းချမ်းစွာနေနိုင်ကြမည်မလွဲပါ။ နှစ်ဖြာသော လောကဓမ္မတို့ကို မေတ္တာတရားဖြင့် တည်ဆောက်ပါက ပိုမိုချောမွေ့နိုင်ပါတယ်။ မေတ္တာတရားကို ဗုဒ္ဓစာပေမှာတော့ “သဗ္ဗတ္ထက” နေရာတိုင်းမှာ အရာခပ်သိမ်း အမူ့ကိစ္စအားလုံးတို့မှာ အလိုရှိအပ်သောတရား ပြီးမြောက်စေနိုင်သောတရားလို့ ဖော်ညွှန်ထားပါတယ။် ဒါကြောင့် မေတ္တာတရားကို လူသားတိုင်း နိုင်ငံတိုင်း ကမ္ဘာလောကကြီးမှာ လိုလားအပ်သောတရားဟု ဆိုလျှင်မမှားနိင်ပါ။ ယင်းမေတ္တာတရားဖြင့် ကိုင်တွယ်ဖြေရှင်းပါက အရာခပ်သိမ်း ပြီးစီးအောင်မြင်နိုင်ပါတယ်။  ဆက်လက်ပြီး ဗုဒ္ဓစာပေမှာ မေတ္တာတရားဟာ ဗြဟ္မဝိဟာရ လို့ခေါ်တဲ့ ဗြဟ္မာကြီးတွေလက်ကိုင်ထားတဲ့ ဗြဟ္မစိုရ်တရားလေးပါးမှာ ပါဝင်သလို ပါရမီ(၁၀)(မင်းကျင့်တရား(၁၀)ကမ္မဌာန်း(၄၀)  နှင့် စတုရာရက္ခခေါ်တဲ့ ကိုယ်စောင့်တရား(၄)ပါးမှာလဲ တစ်ပါးအပါအဝင်ဖြစ်ပါတယ။် အထူးသဖြင့် မေတ္တာတရားဟာ လောကီဘဝ ဖွံဖြိုးတိုးတက်ဖို့ ပို၍အရေးကြီးပါတယ။် လောကီဘဝရဲ့အောင်မြင်မူ့အထွေထွေ အာရုဏ်ဦးနေ့သစ်ဆီသို့ လျှောက်လှမ်းလိုသူတိုင်း ဒီမေတ္တာတရားဟာ အရေးကြီးဆုံး အခန်းကဏ္ဍက ပါဝင်ပါတယ်။ လူသားအားလုံး မိမိတို့ရဲ့ ဘဝထဲသို့ ထဲထဲဝင်ဝင် ရောက်ရှိလာအောင် မေတ္တာတရားကို ကျင့်သုံးနိုင်ပါက မိမိနှလုံးသား မိမိရပ်ရွာ မိမိမြို့ပြ မိမိနိုင်ငံနှင့် မိမိနေထိုင်ရာ ကမ္ဘာကြီးပါမကျန် အေးချမ်းသာယာလာမည်မှာ မလွဲဧကန်ဖြစ်ပါတယ်။ နောက်ဆုံးအနေဖြင့် ဗုဒ္ဓစာပေလာ မေတ္တာအကျိုး(၁၁)မျိုးကို မှတ်သားစရာ တစ်ရပ် အနေနဲ့ အကျဉ်းချုပ်တင်ပြလိုက်ပါတယ်။

မေတ္တာတရား ကျင့်သုံးသောပုဂ္ဂိုလ်ဟာ...

(၁)ချမ်းချမ်းသာသာအိပ်ရတယ်။
(၂)ချမ်းချမ်းသာသာနိုးထရတယ်။
(၃)မကောင်းတဲ့အိပ်မက်ဆိုးတွေမမြင်မက်ပါဘူး။
(၄)နတ်လူတို့ရဲ့သနားချစ်ခင်မြတ်နိုးမူ့ကိုခံရတယ်။
(၅)ဘေးရန်ကင်းဝေးအောင်နတ်ကောင်းနတ်မြတ်တွေကကယ်တင်စောင့်ရှောက်တယ်။
(၆)ပကတိမီးလောင်မီးတွေလဲ မကျရောက်နိုင်ပါ။
(၇)ဒုတ် ဓါးလက်နှက် အန္တရာယ်တို့လဲမထိရောက်နိုင်ပါ။
(၈)အဆိပ်သင့်၍မသေနိုင်ပါဘူး။
(၉)မိမိစိတ်နှလုံး ငြိမ်းချမ်းကြည်လင်ပါတယ်။
(၁၀)မျက်နှာအဆင်းလှပပါတယ်။
(၁၁)တွေဝေမိန်းမောမူ့မရှိပဲ မေတ္တာဈာန်နဲ့ ကွယ်လွန်ပါက ဗြဟ္မာ့ပြည်သို့လားရောက်ရပါတယ်။
လူသားအားလုံးတို့ရဲ့နှလုံးသားမှာ မေတ္တာတရားကိန်းအောင်းပြီး ငြိမ်းချမ်းသာယာသော ကမ္ဘာကြီးကို မေတ္တာတရားဖြင့်တည်ဆောက်နိုင်ကြပါစေ…။

မေတ္တာဖြင့်...
 မေ့သားလှ(ဇလဂ္ဂ)
၃၀  ၈ ၂၀၁၀။

No comments:

Post a Comment